တစ်ခါသုံး ဓလေ့ကြောင့် ကိုဗစ်ကပ်ဘေးကာလ ပလပ်စတစ်နှင့် ဖော့ဘူးအသုံးမြင့်တက်

0
616

အပြင်မထွက်ရတော့ခြင်း၊ ဆိုင်မထိုင်ရခြင်း၊ ပါဆယ်သာရောင်းတော့ခြင်း စသည့် ကိုဗစ်ကာလအတွင်း ပြောင်းလဲလာသည့် လူနေမှုပုံစံများက ပလပ်စတစ်နှင့် ဖော့ဘူးသုံးစွဲမှုမြင့်တက် လာစေသည်။


ကိုဗစ်ကပ်ရောဂါဂယက်ကြောင့် လူအများခရီးသွားလာခြင်းမရှိတော့ချိန်၊ နေအိမ်အတွင်းတွင်နေတော့ချိန်၌ ကမ္ဘာကြီးသဘာဝပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာကြောင်း နိုင်ငံတကာ သတင်း အချို့တွင်ဖော်ပြထားသည်။


သို့သော် တစ်ခါသုံး ခွက်၊ ပလစ်စတစ်၊ ဖော့ဘူးများ အသုံးမြင့်တက်လာခြင်းက အခြားတစ်ဖက်က သဘာဝဝန်းကျင်ကို စိန်ခေါ်နေပြန်သည်။


ယခင်က စားသောက်ဆိုင်၊ ထမင်းဆိုင်များကို အဓိကရောင်းချနေရသည့် တစ်ခါသုံးပလပ်စတစ်ပစ္စည်းများသည် သင်္ကြန်အပြီး အတာမုန့်လှူဒါန်းသူများ၊ ကန့်သတ်စောင့်ကြည့်စခန်း ဝင်နေသူများကို အစားသောက်ပို့ပေးသူများ၊ လက်ဖက်ရည်ဆိုင်များ၊ မုန့်လက်သုပ်ဆိုင်များကပါ ဝယ်ယူလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။


“အရင်တုန်းကထက် ဖော့ဘူးလိုမျိုး တစ်ခါသုံး (ပလပ်စတစ်) ပစ္စည်းတွေ အကုန်ရောင်းကောင်းနေတယ်။ အခုက လက်ဖက်ရည်ဆိုင်တွေ တစ်ခါသုံးခွက်တွေ သုံးကြတယ်။ အကြော်ဆိုင်တွေကလည်း ဖော့ခွက်တွေသုံးတယ်။ ပြောရမယ်ဆို တစ်ခါသုံးတွေ အကုန်ရောင်းကောင်းတယ်”ဟု ထားဝယ်မြို့ရှိ တစ်ခါသုံးပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။


ယခင်က ပလပ်စတစ်အိတ်ဆယ်ထုတ်ကို ငါးရက်အထိအသုံးပြုနိုင်သော်လည်း ပါဆယ်စနစ်ဖြင့်ရောင်းချသောအခါ သုံးရက်ခန့်သာအသုံးခံတော့ကြောင်း ထားဝယ်မြို့တွင် မုန့်လက်သုပ်ရောင်းချနေသူ ဒေါ်အိဖြူဖြူက ပြောသည်။


ထားဝယ်ဘက်သို့ကုန်တင်ကား အဆင်းနည်းနေသောကြောင့် တစ်ခါသုံးပလပ်စတစ်ပစ္စည်းများ ထားဝယ်ဈေးကွက်အတွင်းရှိ ဆိုင်အချို့တွင် ပစ္စည်းပြတ်လပ်နေကြသည်။


ယင်းအပြင် တစ်ခါသုံးရော်ဘာလက်အိတ်၊ ပလပ်စတစ်လက်အိတ်များမှာလည်း သုံးစွဲသူများလာနေပြီး တစ်ခုလျှင်ဈေးနှုန်း တစ်ရာကျပ်ခန့်မြင့်တက်နေသည်။


သို့သော် နယ်ဈေးကွက်သို့တင်ပို့သည့် ပလပ်စတစ်အိတ်များမှာ ရောင်းအားထက်ဝက်ခန့်ကျဆင်းနေကြောင်း ထားဝယ်မြို့ရှိ စည်သူပလပ်စတစ်အိပ် ရောင်းဝယ်ရေးဆိုင်ပိုင်ရှင်က ပြောသည်။


ပလပ်စတစ်လျှော့ချရေးကို လုပ်ဆောင်နေသူအချို့ကလည်း ကိုဗစ်ကာလအတွင်း ပလပ်စတစ်လျှော့ချရေးဆိုသည်မှာ ပထမဦးစားပေးနေရာတွင် မရှိတော့ပါ။


လက်ရှိအခြေအနေသည် ကာလဒေသအနေအထားအရ ရွေးချယ်စရာမရှိသဖြင့် ပလပ်စတစ်ပစ္စည်းကို သုံးစွဲရမည့်အနေအထားဖြစ်နေကြောင်း ထားဝယ်မြို့တွင် Clean Dawei အဖွဲ့ တာဝန်ခံတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက ပြောသည်။


“အစတုန်းကတော့ ရွေးချယ်စရာတွေရှိနေတယ်။ ကမ္ဘာကြီးက တကယ်ကိုပဲ အသက်ရှုကျပ်နေလို့ ပလပ်စတစ်လျှော့ချရေးကို လုပ်တာကို။ အခုချိန်မှာ အဲတာထက်အရေးကြီးတဲ့ ကိုဗစ်ဖြစ်လာချိန်မှာ (ပလပ်စတစ်လျှော့ချရေးက) သူ့ရဲ့အနေအထားအရကို ဒုတိယဦးစားပေးတွေ၊ တတိယဦးစားပေးတွေ ဖြစ်သွားကြပြီ”ဟု ဦးအောင်နိုင်ဦးက မှတ်ချက်ပြု သည်။


ကိုဗစ်ဂယက်ကြောင့် အရှိန်ရနေသည့် ပလပ်စတစ်လျှော့ချရေး လုပ်ဆောင်ချက်အချို့ကိုလည်း နှောင့်နှေးမှုရှိစေရန် ထိုးနှက်ချက်ရှိလာခဲ့သည်။


မြိတ်မြို့ရှိ စာသင်ကျောင်းအချို့နှင့် စာသောက်ဆိုင်အချို့တွင် ပလပ်စတစ်အစိုအခြောက်ခွဲသည့် စနစ်ကိုလုပ်ဆောင်နေရာ အောင်မြင်မည့်အနေအထားရောက်လာမှ ကိုဗစ်ရောဂါရိုက်ခတ်မှုကြောင့် ရပ်တန့်နေရကြောင်း Clean & Green Myeik အဖွဲ့ အတွင်းရေးမှူး ဒေါ်မာမာလွင်က ပြောသည်။


“အခုချိန်မှာ ပလပ်စတစ်လျှော့ချရေးကိုသွားပြောရင်တော့ ကိုရိုနာဖြစ်နေတဲ့အချိန်မှာ သူတို့တစ်မှောင့်ဆိုတာတွေ ဖြစ်လာတော့မှာ” ဒေါ်မာမာလွင်က ပြောသည်။


ပလပ်စတစ်သည် အသုံးပြုပြီးမြေမြှပ်၊ မီးရှို့၊ ရေထဲသွန်ပစ်ခြင်းတို့ကို လုပ်ဆောင်တိုင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းဆိုသည့် ဆိုးကျိုးကိုပေးမည်သာဖြစ်သည်။


မြေမြှုပ်ပါက မြေဆီလွှာပျက်စီးခြင်း၊ ရေထဲသို့ပစ်ပါက ရေနေသတ္တဝါများ စားသုံခြင်းကြောင့် ၎င်းတို့၏ အသက်ရှင်သန်မှုကို ထိခိုက်နိုင်ခြင်း၊ မီးရှို့ပါက အဆိပ်ငွေ့များလေထဲပျံနှံ့စေခြင်းတို့သည် ပလပ်စတစ်၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်ကြောင်း တနင်္သာရီတိုင်း ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းတာဝန်ခံ ဦးထွန်းထွန်းဦးက ပြောသည်။


“ပလပ်စတစ်ကို လေထဲမှ မီးရှို့လို့ရှိရင် အဆိပ်ဓာတ်ငွေ့တွေက လေထဲမှာပျံ့နှံ့သွားပြီးတော့ အသက်ရှုရကျပ်တဲ့ရောဂါလိုမျိုးပေါ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါမျိုးတွေဖြစ်နိုင်တယ်။ အဲတော့ ပလပ်စတစ်က ကုန်းပေါ်မှာရော၊ လေထဲမှာရော၊ ရေထဲမှာရော မကောင်းတဲ့ ဆိုးကျိုးတွေရှိတယ်”ဟု ဦးထွန်းထွန်းဦးက ပြောသည်။

ကျော်သူစိုး