စီးပွားထိခိုက်မှု အစိုးရချေးငွေ ရော်ဘာလုပ်ငန်းငွေပမာဏ အများဆုံး လျှောက်ထား

0
623

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း စီးပွားရေးထိခိုက်မှုအတွက် အစိုးရထံမှငွေထုတ်ချေးရန် လျှောက်ထားမှုတွင် ရော်ဘာစက်ရုံလုပ်ငန်းများက ငွေပမာဏအများဆုံး လျှောက်ထားကြကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ကျော်ဦးထံမှ သိရသည်။


အစိုးရ၏ COVID-19 Fund မှ ငွေချေးရန်အတွက် တနင်္သာရီတိုင်းအတွင်းမှ လျှောက်ထားလာသည့်လုပ်ငန်းရှင် ၇၄ ဦးက စုစုပေါင်းငွေကျပ်သိန်းကိုးသောင်းကျော် လျှောက်ထားလာရာ ယင်းတို့တွင် ရော်ဘာစက်ရုံလုပ်ငန်းများက ငွေပမာဏအများဆုံး ဖြစ်သည်။


“ငွေ Amount (ပမာဏ) များတာက ရော်ဘာစက်ရုံ/ထားဝယ်လည်း ရော်ဘာအပြားစက်ရုံ (ချေးဖို့လျှောက်ထားငွေ)များတယ်။ မြိတ်ကလည်း ငွေများတယ်။ မြိတ်က ရော်ဘာလုပ်ငန်းရှင်တစ်ဦးတည်းတောင် ချေးငွေ (ကျပ်သိန်းပေါင်း) သုံးသောင်းချေးဖို့တင်ထားတယ်” ဟု ဦးကျော်ဦးက ပြောသည်။


ချေးငွေလျှောက်ထားသူများမှာ ထားဝယ်ခရိုင်မှ ၅၁ဦး၊ မြိတ်ခရိုင်မှ ၂၃ ဦး ရှိပြီးခရီးသွားလုပ်ငန်း၊ ဈေးရောင်းသည့်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း စသည့်နယ်ပယ်စုံမှလုပ်ငန်းရှင်များက ငွေချေးရန်လျှောက်ထားလာကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။


“တို့ကတော့လက်ခံပြီး ရုံးချုပ်ကို တင်ပေးလိုက်တယ်။ ရုံးချုပ်ကလည်း စာရင်းဇယားပြုစုပြီးသက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပေးရတယ်ပေါ့”ဟု ဦးကျော်ကျော်ဦးက ပြောသည်။


ကိုဗစ်ရောဂါဂယက်နှင့် ပတ်သက်၍ထိခိုက်နိုင်သည့် ငွေထုတ်ချေးပေးရေးကိစ္စကို ကိုဗစ်ကြောင့်ထိခိုက်မှု၊ သက်ရောက်မှုရှိသော နိုင်ငံတဝန်းမှ စက်မှုလက်မှုလုပ်ငန်းများအတွက်အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေကာလတစ်နှစ်သတ်မှတ်ကာ COVID-19 Fund မှ ငွေထုတ်ချေးရန်အစိုးရနှင့် ကုန်သည်စက်မှုအသင်းတို့ ပူးပေါင်းပြင်ဆင်နေခြင်းသည်။


အဆိုပါ ချေးငွေလျှောက်ထားမှုကို ဦးစားပေးကုစားရမည့်ကဏ္ဍများတွင် အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်းများအတွက် ထုတ်ချေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းတွင်လုပ်ငန်းရှင်အချို့ ချေးငွေရရန်စာရင်းထွက်ပြီးဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။


“တနင်္သာရီတိုင်းအတွက်တော့ (ချေးငွေရသူစာရင်း) မထွက်သေးဘူး။ (စာရင်းထွက်မယ့်အချိန်ကိုတော့) ဘယ်အချိန်ဆိုတာ ခန့်မှန်းလို့မရသေးဘူး” ဟု ဦးကျော်ကျော်ဦးကပြောသည်။


ချေးငွေကျပ်သိန်း၁၅၀ဝ ချေးရန်လျှောက်ထားသည့် ထားဝယ်မှစက်မှုလက်မှုလုပ်ငန်းရှင်တစ်ဦးကမူ ချေးငွေရွေးချယ်ချထားပေးမှုအပေါ် သုံးသပ်ရန် စောသေးသည်ဟုပြောသည်။


“သူ့မူမှာကို’ကုစားဖို့’ ဆိုတာပါပြီးသားဆိုတော့လေ။ ချေးငွေရသူစာရင်း ထွက်လာမှပဲ ဘယ်လိုလူတွေရတယ်ဆိုတာ ကြည့်ရတော့မှာပေါ့”ဟု ၎င်းက ဆိုသည်။