ထားဝယ်ဇာတ်ပွဲများ အရှုံးပေါ်

0
773

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ပွဲကရာသီမကုန်မီ ဇာတ်ပွဲနားလိုက်ရသဖြင့် ထားဝယ်ဇာတ်ပွဲများ အရှုံးပေါ်ကြကြောင်း ဇာတ်ပွဲတည်ထောင်သူအချို့ထံမှ သိရသည်။


ဇာတ်ပွဲအများဆုံးငှားရသည့် မတ်လမှစတင်ကာ ထားဝယ်ဇာတ်ပွဲများ နားလိုက်ကြရခြင်း ဖြစ်သည်။


“ဒီနှစ်ကတော့ ဇာတ်ဆရာတွေ အကုန်လုံးဆုံးရှုံးနစ်နာပါတယ်။ ပွဲကြည့်များတဲ့လကျမှ အကုန်လုံးထိုးနားပစ်လိုက်ရတာ”ဟု ထားဝယ်မြို့ရှိ စိန်ရွှေဝင်းဇာတ်သဘင် ပိုင်ရှင်က ပြောသည်။


ဇာတ်ပွဲများရပ်နားလိုက်ရပြီး ငွေကြေးမလည်ပတ်နိုင်တော့သဖြင့် အခက်အခဲများကြုံနေရကြောင်း ဇာတ်သဘင်ပိုင်ရှင်တချို့က ပြောသည်။


“သုံးလလောက်နားလိုက်ရတော့ ပွဲအချီလေးငါးရှစ်ဆယ်လောက် နာသွားတာပေါ့။ အကုန်လုံးကတော့ အရှုံးပေါ် နေကြတာပဲ” ဟု ထိပ်တန်းဇာတ်သဘင်ပိုင်ရှင် ဦးကျော်ကျော်ဦးက ပြောသည်။


ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဇာတ်ပွဲများရပ်နားထားချိန် နေရပ်မပြန်ဘဲ ကျန်ရှိနေသည့် ဇာတ်အဖွဲ့သားများကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်စသည့် စားသောက်ကုန်များကို ထားဝယ်မြို့နယ်သဘင်အစည်းအရုံးက ထောက်ပံ့ပေးသည့်အပြင် မြန်မာနိုင်ငံဇာတ်သဘင် အစည်းအရုံးနှင့် CB ဘဏ်ဖောင်ဒေးရှင်းတို့ကလည်း ထောက်ပံ့ပေးသည်ဟု ထားဝယ်မြို့နယ်သဘင်အစည်းအရုံး ဥက္ကဋ္ဌဦးတင်မောင်ရွှေက ပြောသည်။


ထားဝယ်တွင် ဇာတ်သဘင် ၈ ခုရှိပြီး ဇာတ်သဘင်တစ်ခုလျှင် ဇာတ်အဖွဲ့သား ၃၀ ဦးမှ ၄၀ ဦးခန့်အထိရှိကြောင်း သိရသည်။

မိုးမြင့်