မြိတ်လျှပ်စစ်မီး တစ်ယူနစ် ၂၈၀ ကိစ္စ ကျန်လများ မသိရသေးဟုဆို

0
411

မြိတ်လျှပ်စစ်မီး ဧပြီလအတွက် တစ်ယူနစ်လျှင်၂၈၀ကျပ်အား တိုင်းဒေသကြီးအစိုးရမှသတ်မှတ်ခဲ့ပြီး ကျန်လများမသိရသေးဟု မြိတ်စိမ်းလန်းစွမ်းအင်မီးလင်းရေးကုမ္ပဏီမှစီမံကိန်းဒါရိုက်တာဦးမျိုးအောင်က ပြောသည်။


လျှပ်စစ်မီးတစ်ယူနစ်ကို ၃၈၀ ကျပ် ဖြင့်ကောက်ယူနေရာမှ ကိုဗစ်ကာလအတွင်းလျှော့ချရန်ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ တောင်းဆိုမှုကြောင့် ဧပြီလအတွက်တစ်ယူနစ်လျှင်၂၈၀ကျပ် နှုန်းထားဖြင့် တိုင်းဒေသကြီးအစိုးရမှသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။


“မေနဲ့ဇွန်လအတွက်တော့ ဒီဇယ်ဈေးအပေါ်မူတည်ပြီး လကုန်ရင်တိုင်း ဒေသကြီးအစိုးရက တွက်ချက်ပြီး ညွှန်ကြားစာထုတ်မှသိရမှာဖြစ်တယ်”ဟု ဦးမျိုးအောင်က ပြောသည်။


လျှပ်စစ်တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ၂၈၁ကျပ်ခန့် ရှိပြီး ကိုဗစ်ကာလအတွင်းအိမ်သုံးမီတာတစ်လုံးလျှင် ဆယ်ယူနစ်အခမဲ့လှူဒါန်းမည့်အစီအစဉ်လည်း ပျက်သွားသည်ဟု ဦးမျိုးအောင်က ဆိုသည်။


“တစ်ယူနစ်သုံးရာ အထက်လောက်ရရင်တော့ ပေးဖို့လုပ်ထားတာအခုက အစီအစဉ်ပျက်သွားပြီပေါ့”ဟု ၎င်းကပြောသည်။


မြိတ်စိမ်းလန်းစွမ်းအင်အနေနှင့် လာမည့်နှစ်လအတွင်း တစ်ယူနစ် ၂၉၂ ကျပ်ဖြင့် တင်ဒါအောင်ထားသည့် Petro & Trans ကုမ္ပဏီသို့ လွှဲပြောင်းပေးရတော့မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။