ရပ်ကျေးများ ဝါးတားဂိတ်ဖြင့် ပိတ်ဆို့ကန့်သတ်ခွင့်မရှိ ဟုဆို

0
950

ကိုဗစ် ၁၉ ရောဂါကာလတွင် ရပ်ကွက်ကျေးရွာများတွင် ရပ်ရွာအစီအစဉ်ဖြင့် ဝါးတားဂိတ်များလုပ်ကာ ပိတ်ဆို့ကန့်သတ်ခြင်း (LockDown) ပုံစံကဲ့သို့ လုပ်ခွင့်မရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။


မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါကူးစက်မှုများလာချိန်တွင် တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာအချို့တွင် ရပ်ရွာအစီအစဉ်ဖြင့် ဝါးတားဂိတ်များလုပ်ကာ ရွာခံမှလွဲ၍ အခြားသူများကို ပေးမဝင်သည့် ရပ်ရွာအချို့ရှိလာသည်။


မိမိရပ်ရွာအတွင်း ကိုရိုနာရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် စေတနာထားလုပ်ဆောင်ကြသည်ကို နားလည်သော်လည်း ယင်းကဲ့သို့ လုပ်ဆောင်ခွင့်မရှိကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။


“ဒီလိုမျိုးအနေအထား ဖြစ်လို့တော့ မရဘူး”ဟု ၎င်းက ပြောသည်။


ယင်းကဲ့သို့ အခြေအနေတွင် တိုင်းအစိုးရအဖွဲ့ သို့မဟုတ် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်ကိုသာ တိတိကျကျလိုက်နာကြရန် မေတ္တာရပ်ခံလိုကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။
ထိုကဲ့သို့ ရွာအတွင်းအဝင်မခံခြင်းမျိုးမဟုတ်ဘဲ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးစေခြင်းများသာ ပြုလုပ်ခွင့်ရှိကြောင်း ၎င်းက ပြောသည်။


ရပ်ရွာအကျိုးအတွက် လုပ်ဆောင်နေသူများကို ကျေးဇူးတင်သော်လည်း အစိုးရညွှန်ကြားချက်မရှိဘဲ မိမိရပ်ရွာအစီအစဉ်ဖြင့် လုပ်ဆောင်နေပါက ရေရှည်တွင် ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့လာနိုင်ကြောင်း ရေဖြူမြို့နေ ဦးမောင်မောင်ဦးက ဆိုသည်။


“အစိုးရက ဦးဆောင်သွားနေတာမျိုးပဲ ဖြစ်စေချင်တယ်။ အခုက သူတလူ ငါတစ်မင်းပုံစံမျိုး ဖြစ်နေတာတစ်ခုက ကြည့်မကောင်း ရှုမကောင်းဖြစ်နေတာပေါ့”ဟု ၎င်းက ပြောသည်။


ယင်းကဲ့သို့ အခြေအနေမျိုးတွင် အစိုးရအနေဖြင့် တိကျသည့် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်သင့်ပြီး ရပ်ရွာအစီအစဉ်ဖြင့် လုပ်ဆောင်နေမှုများကို တားမြစ်သင့်ကြောင်း ၎င်းက ထောက်ပြသည်။


ကိုရိုနာရောဂါကို ကြိုတင်ကာကွယ်သည့်အနေဖြင့် အပြင်လူစိမ်းများကို ခိုင်လုံသည့် အထောက်အထားအကြောင်းပြချက် မရှိပါက ကျေးရွာအတွင်းသို့ ဝင်ခွင့်မပြုကြောင်း ကလုံးထာကျေးရွာနေ ဦးစောဉာဏ်က ပြောသည်။

ရောဂါနဲ့ပက်သက်ပြီး ဆိုးကျိုးတွေဖြစ်လာမှာကြောက်လို့ စောင့်ကြည့်နေတာလောက်ပါပဲ။ LockDown လည်း မချထားပါဘူး။ ချစရာလည်း မလိုပါဘူးလေ”ဟု ဦးစောဉာဏ်က ဆိုသည်။
ထို့အပြင် ရွာသူရွာသားများ အပြင်သို့သွားပါက ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်လက်မှတ်ယူပြီးမှသာ သွားလာခွင့်ပြုသည်ဟု ၎င်းက ပြောသည်။


သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ရီကမူ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် အခြားရပ်ရွာမှလာသူများကို ဝါးတားဂိတ်တွင် စစ်ဆေးပြီးမှသာ ကျေးရွာအတွင်းဝင်ခွင့်ပြုပြီး LockDown ချခြင်းမဟုတ်ဟု ဆိုသည်။


“LockDown ဆိုတာက ကျွန်တော်တို့မြင်တာက အဲဒါက သူ့ဒေသ နဲ့သူလုပ်နေကြတာပဲ။ အထက်ကလည်း ပေါ်လစီတွေချမှတ်ပေးပြီး ကျွန်တော်တို့ကို အမိန့်ချတာမျိုးတွေမရှိပါဘူး။ နိုင်ငံတော်ကနေပြီးတော့ ပြဋ္ဌာန်းတာတွေလည်း မရှိဘူး”ဟု ဦးမောင်ရီက ဆိုသည်။


တိုင်းအစိုးရထုတ်ပြန်ချက်များ တွင်လည်း LockDown လုပ်ရမည် ညွှန်ကြားထားခြင်း တစ်စုံတစ်ရာမရှိ သေးပေ။

ကိုဇော်