ဒေါက်တာလဲ့လဲ့မော်အမှု လက်ရှိ ဝန်ကြီးချုပ်နှင့် တိုင်းအတွင်းရေးမှူးကို သက်သေအဖြစ် စစ်မည်

0
774

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုတွင် လက်ရှိ ဝန်ကြီးချုပ်ဦးမြင့်မောင်နှင့် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးတို့ကို တရားခံပြသက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။


အမှု၏ ၅၉ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဧပြီလ ၂၉ ရက်တွင် စစ်ဆေးမည်ဖြစ်ကြောင်း ယင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။


ဝန်ကြီးချုပ်ဦးမြင့်မောင်ကို တိုင်းတရားလွှတ်တော်၏ ရာဇဝတ်ကြီးမှု အမှတ် ၂/၂၀၁၉ အမှုအတွက် စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ဆိုသည်။


ထို့အပြင် တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ကျော်ကို ရာဇဝတ်ကြီးမှု အမှတ် ၂/၂၀၁၉ နှင့် ၃/၂၀၁၉ အမှုအတွက် တရားခံပြသက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း အထက်ပါ တရားလွှတ်တော်ထံမှ သိရသည်။


၂/၂၀၁၉ အမှုမှာ ငွေကျပ်သိန်းလေးထောင် အသုံးပြုပြီး ထားဝယ်လေယာဉ်ကွင်း ချုံနွယ်ရှင်းလင်းခဲ့သည့် အမှုဖြစ်ပြီး ၃/၂၀၁၉ အမှုမှာ GGS ကုမ္ပဏီက နိုင်ငံတော်သို့ ပေးသွင်းရမည့် ဂက်စ်ဖိုးငွေ အကြွေးကျန်ခဲ့သည့် အမှုဖြစ်သည်။


ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှုဖြင့် စွဲချက်တင်ထားပြီး ယင်းအမှု လေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီ တာဝန်ရှိသူများပါဝင်ပြီး ၎င်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် စွဲချက်တင်ထားသည်။


ဧပြီလ ၂၃ ရက်နေ့ ရုံးချိန်းတွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် လက်ရှိဝန်ကြီးချုပ်တို့၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဇော်လင်းအောင်ကိုလည်း တရားခံပြသက်သေအဖြစ် စစ်ဆေးခဲ့ပြီးဖြစ်သည်။


ထူးခြားချက်အနေဖြင့် အထက်ပါအမှုများအတွက် တရားခံပြသက်သေများကို စစ်ဆေးရာတွင် ဧပြီလ ၂၂ ရက်မှ ၂၄ ရက်အထိ ၃ ရက်ဆက်တိုက် စစ်ဆေးခဲ့သည်။
ပြီးခဲ့သည့် ရုံးချိန်းအပတ်များက ပုံမှန်အားဖြင့် တစ်ပတ်အများဆုံး နှစ်ရက်သာ စစ်ဆေးခဲ့သည်။


“တစ်နှစ်ကျော်ကြန့်ကြာနေတဲ့ အချုပ်တရားခံအမှုဖြစ်တဲ့အတွက်ကြောင့် ကြန့်ကြာမှုအမြန်ပြီးဆုံးနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သွားရေးလာရေးခက်ခဲ၍ တရားခံပြသက်သေများ ရုံးချိန်းလာရမှု အဆင်ပြေစေရန် ယခုအပတ်ရုံးချိန်းကို သုံးရက်ဆက်တိုက် စစ်ဆေးခဲ့ရခြင်းဖြစ်ပါတယ်”ဟု တိုင်းတရားလွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ပြောသည်။


ထိုကဲ့သို့ စစ်ဆေးရာတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာစစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။


အမှုများအတွက် တရားခံပြသက်သေ ၂၄ ဦးကိုစစ်ဆေးရန် စွဲချက်တင်ခံထားရသူများ၏ အကျိုးဆောင်ရှေ့နေများက တင်ပြထားပြီး ဧပြီလ ၂၄ ရက် နေ့ ရုံးချိန်းအထိ ၈ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။