တပ်ကတရားစွဲထားသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့အမှု ချေဖျက် ခွင့်တင်

0
819

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅က ဖြင့်တပ်မတော်မှတရားစွဲထားသည့်ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် အမှုတွဲတရားလွှတ်တော်ရှေနေ ဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့အမှုကို တိုင်းတရားလွှတ်တော်သို့ အမှုချေဖျက်ခွင့်တင်သွင်းထားကြောင်း ရှေ့နေဦးကြီးမြင့်က ပြောသည်။


ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဧပြီလက ကော့သောင်းတွင်ပြုလုပ်ခဲ့သည့် “၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ဦး ကော်မတီထောက်ခံပွဲ” တွင် ဟောပြောချက်များက နိုင်ငံတော်ကိုအကြည်ညိုပျက်စေသည်ဟုဆိုကာ တပ်မတော်မှ တရားစွဲထားသည့်အမှုကို ချေဖျက်ခွင့် တင်သွင်းထားခြင်းဖြစ်သည်။


အမှုကိုအချက်အလက် အမှားများဖြင့်တည်ဆောက်ထားခြင်း၊ တရားသူကြီးက စစ်ဆေးသင့်သူများကိုမစစ်ဆေးဘဲ တရားလိုတရားခံများမျက်ကွယ်တွင် အမှုဖွင့်စေအမိန့်ချမှတ်ထားခြင်း၊ အမှုဖွင့်တရားစွဲမည်ဆိုက ငြိမ်းစုစီဥပဒေ အရအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တရားလိုပြုအမှုဖွင့်ရမည်ကို တပ်မတော်က ၎င်းနှင့် မသက်ဆိုင်ဘဲတရားလိုပြု အမှုဖွင့်ခြင်း စသည့်အချက်များအပေါ် မူတည်ကာ အမှုချေဖျက်ခွင့်တင်သွင်း ထားခြင်း ဖြစ်ကြောင်း ရှေ့နေဦးကြီးမြင့် က ပြောသည်။


ယင်း လျှောက်ထားချက်အပေါ် တိုင်းတရားလွှတ်တော်က ဖေဖော်ဝါရီလဆန်းတွင် လက်ခံထားပြီးအပြီးသတ် လျှောက်လဲချက်ပေးရန် ကျန်ရှိတော့သည်။ ယင်းသို့ အပြီးသတ်လျှောက်လဲချက်ပေးရန် ဦးကြီးမြင့်ထံသာစာရောက်ပြီး ကဗျာဆရာဦးစောဝေထံ တရားရုံးမှ စာမရောက်သေးသဖြင့် အပြီးသတ်လျှောက်လဲချက်မပေးနိုင်သေးဘဲ ဖြစ်နေကြောင်း ဦးကြီးမြင့်က ပြောသည်။


၎င်းအမှုသည် ဥပဒေအရအမှုပျက်နေပြီဖြစ်ပြီး တိုင်းတရားလွတ်တော်မှ အမှုချေဖျက်ပေးလိမ့်မည်ဟု ဥပဒေကြောင်းအရမျှော်လင့်ကြောင်း ၎င်းက ပြောသည်။
“အမှုက ဥပဒေအရပျက်နေပြီလေ။ ဥပဒေအရပျက်နေတဲ့ဟာကို ချေဖျက်ရုံ မှတစ်ပါးအခြားမရှိဘူးလို့ ဥပဒေအရ အဲလိုပဲတွေ့ရှိရပါတယ်” ဟု ဦးကြီးမြင့်က ပြောသည်။


အကယ်၍တိုင်းတရားလွှတ်တော်မှ အမှုချေဖျက်လိုက်ကြောင်း အမိန့်မချပါက အမှုကိုကော့သောင်းတရားရုံးတွင် မူလအစမှ ပြန်စစ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


လက်ရှိတွင် ဦးကြီးမြင့်နှင့် ဦးစောဝေတို့မှာ ဆေးလက်မှတ်အာမခံဖြင့် အချုပ်လွတ်ထုချေခွင့်ရထားပြီး ရုံးရှေ့လာရောက်မှုကင်းလွတ်ခွင့်ရရှိထားကာ ၎င်းတို့၏ ရှေ့နေမှရုံးချိန်းများတက်ရောက်နေသည်။


ဗိုလ်ကြီးဟောင်းနေမျိုးဇင်မှာ တိုက်ကြီး၊ ဝါးခယ်မ၊ ခင်ဦးမြို့နယ် တို့တွင် ဟောပြောမှုများက နိုင်ငံတော်အကြည်ပျက်စေသည်ဟုဆိုကာ မြို့နယ်တရားရုံးအသီးသီးကစုစုပေါင်း ထောင် ၄ နှစ်ချမှတ်ထားပြီး အင်းစိန်အကျဉ်းထောင်မှ ကော့သောင်းအကျဉ်းထောင်သို့လွှဲပြောင်း ရောက်ရှိလာပြီး ကော့သောင်းထောင်မှရုံးထုတ်နေသည်။