ရာသီကုန်လုနီး ကင်းမွန်ပြုတ်ခြောက်လုပ်ငန်းများ ပြန်လည်ပတ်

0
774

ကင်းမွန်ဖမ်းသည့်ရာသီ ကုန်လုနီးပြီဖြစ်သော်လည်း ကင်းမွန်ပြုတ်ခြောက် အလုပ်ရုံများ ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ယင်းအလုပ်ရုံများထံမှ သိရသည်။


ကိုဗစ်နိုင်တီးရောဂါဂယက်ကြောင့် ယင်းအလုပ်ရုံများ နှစ်လနီးပါးရပ်နားထားခဲ့ရပြီး ယခုအခါ လုပ်ငန်းပြန်လည် လည်ပတ်နေပြီဖြစ်သည်။


ကင်းမွန်များကိုနှစ်စဉ် စက်တင်ဘာလမှ ဧပြီလအထိ ဖမ်းယူရရှိကြပြီး ယခုလကုန်လျှင် ပိတ်သိမ်းကြတော့မည်ဖြစ်သည်။


“တရုတ်ပြည်မှာ အခြေအနေက ကောင်းလာပြီဆိုတော့ ဒီမှာရှိတဲ့ဒိုင်တွေ အားလုံးကလည်း ပြန်ဝယ်နေကြတယ်”ဟု ကင်းမွန်ပြုတ်ခြောက်ရုံမှ အသက် ၅၂ နှစ်ရှိ အလုပ်သမားခေါင်းဆောင်အမျိုးသမီးက ပြောသည်။


ကင်းမွန်ပြုတ်ခြောက်ရုံများပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ယခုလကုန်မှစ၍ ကင်းမွန်ဖမ်းရာသီကုန်ပြီဖြစ်သည့်အတွက် လှေများနှင့်အလုပ်ရုံများလည်း ရပ်နားရတော့မည်ဖြစ်ကြောင်း ကင်းမွန်အဝယ်ဒိုင်များထံမှ သိရသည်။


“အလုပ်လုပ်ရမယ့်ရက်က ဆယ်ရက်ကျော်ကျော်လောက်ပဲကျန်ပြီ။ ဒီအတောအတွင်းရသလောက် ပြန်ဝယ်စုနေကြ တယ်”ဟု ကင်းမွန်ရောင်းဝယ်ရေးလုပ်သူ ဦးသိန်းတန်က ပြောသည်။


မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုံအတွင်း တရုတ်ပြည်သို့ တင်ပို့ရောင်းချနေကြသည့် ကင်းမွန်ပြုတ်ခြောက်အလုပ်ရုံ ၁၅ ရုံခန့်ရှိပြီး အများစုမှာ တရုတ်လူမျိုးများက ပိုင်ဆိုင်ကြသည်။


အမျိုးသားအလုပ်သမားတစ်ဦး တစ်နေ့လျှင် ကျပ်ခုနစ်ထောင်မှ ကျပ်တစ်သောင်းနှင့်အမျိုးသမီးအလုပ်သမားတစ်ဦး တစ်နေ့လျှင် ကျပ်ငါးထောင်မှ ကျပ်ရှစ်ထောင်အထိရရှိနေကြကြောင်းယင်းအလုပ်ရုံရှိ အလုပ်သမားများထံမှ သိရသည်။