ဟိုတယ် ခရီးသွားလုပ်ငန်း လိုင်စင်ကြေး တစ်နှစ်စာလျှော့ပေးမည်

0
858

ကိုဗစ်ကပ်ဘေးကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် လိုင်စင်ကြေးများကို တစ်နှစ်စာ လျှော့ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှုဦးစီးဌာနထံမှ သိရသည်။


ယခုနှစ် ဧပြီလ ၁ ရက်မှ လာမည့်နှစ် မတ်လ ၃၁ ရက်အထိ တစ်နှစ်စာ လိုင်စင်ကြေး ကင်းလွတ်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။


ဟိုတယ်/တည်းခိုခန်းလိုင်စင်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ ဧည့်လမ်းညွှန်လိုင်စင်များကို တစ်နှစ်စာအတွက် ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ကြောင်း ဟိုတယ်/ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။


“ကြိုသွင်းပြီးသားတွေရှိနေရင်လည်း လာမယ့်နှစ်ကျရင် သူ့ဟာသူ ပြန်ခုနှိမ်ပေးမယ်ပေါ့နော်။ အခုကတော့ တစ်နှစ်စာ လျှော့လိုက်တာပေါ့နော်”ဟု ဦးညိုအေးက ပြောသည်။


အထက်ပါလိုင်စင်မျာ၏ သက်တမ်းမှာ ၃ နှစ်ဖြစ်သည်။ ခရီးလှည့်လည်ရေးလိုင်စင်ကြေး ကို ကျပ်သုံးသိန်း၊ ဟိုတယ် အခန်း၂၀ အထိ ၄ သိန်း၊ ၂၁ ခန်းမှ ၅၀ ခန်းအထိ ၇ သိန်း၊ ၅၁ ခန်းမှ ၁၀ဝ ခန်းအထိ ၁၀ သိန်း ၅ သောင်း အစသဖြင့် သတ်မှတ်ကောက်ခံကြောင်း အထက်ပါရုံးထံမှ သိရသည်။


လက်ရှိ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းကြောင့် အထက်ပါနှုန်းထားများ၏ သုံးပုံနှစ်ပုံကိုသာ ပေးဆောင်ရမည်ဖြစ်ကြောင်း ဦးညိုအေးက ဆိုသည်။


တနင်္သာရီတိုင်းအတွင်း ခရီးလှည့်လည်ရေးလိုင်စင်ရှိ ကုမ္ပဏီ ၉၅ ခု၊ ဟိုတယ်တည်းခိုခန်း ၄၆ လုံးရှိကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

ကိုဇော်