တနင်္သာရီ အစိုးရ ထောက်ပံ့ ပစ္စည်းငါးမျိုး စုံအောင် မပေးနိုင်သေး

0
641

အခြေခံလူတန်းစားများကို ထောက်ပံ့ပေးသည့် ပစ္စည်းငါးမျိုးမစုံလင်သဖြင့် ပေးအပ်ချိန်တွင် ပစ္စည်းအမယ်စုံ မပေးနိုင်သေးခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

သင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာနှုန်း ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

လက်ရှိ ရပ်ကွက်/ကျေးရွာအချို့တွင် ဆန်၊ ဆား၊ ကြက်သွန် စသည့် ပစ္စည်းအမယ် သုံးမျိုးကိုသာ ဖြန့်ဝေပေးနေသည်။

ကျန်သည့်ပစ္စည်းအမယ်များ ရရှိပါက သတ်မှတ်ချက်အတိုင်း ပြန်လည်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။

“နောက်ဆက်ပြီးတော့ ပြည့်စုံအောင်ပေးရမှာပါ၊ ငါးမျိုးသတ်မှတ်ထားရင် ငါးမျိုးပြည့်အောင် သူတို့ ပေးရမှာပါ”ဟု ဦးကျော်မင်းက ပြောသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း ္ဖြန့်ဝေသည့်ပစ္စည်းအမယ် မစုံလင်ဖြစ်နေပြီး မစုံလင်ရသည့်အကြောင်းကို ပွင့်ပွင့်လင်းလင်း ရှင်းပြခြင်းမရှိကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အေးက ပြောကြားသည်။

“လက်ရှိ မရှိသေးလို့ဆိုတာကို ပြည်သူတွေ နားလည်သွားအောင် အစိုးရကနေ အစီအမံတစ်ခုနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြသင့်တယ်”ဟု ဦးမောင်မောင်အေးက ဆိုသည်။

အခြေခံလူတန်းစားအိမ်ထောင်စု အရေအတွက်မှာ ထားဝယ်ခရိုင်တွင် ၄၇၅၂၈ စု၊ မြိတ်ခရိုင်တွင် ၆၅၂၄၅ စုနှင့် ကော့သောင်းခရိုင်တွင် ၁၇၅၀၁ စုရှိကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ဓာတ်ပုံ_ဒေသခံတစ်ဦး