စည်းကမ်းမလိုက်နာသည့်ခရီးသည်ယာဉ်အား အရေးယူရေးတင်ပြမည်

0
704

ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းအားလိုက်နာခြင်းမရှိသည့် ခရီးသည်ယာဉ်လိုင်းအား အရေးယူရေးတနင်္သာရီတိုင်းအစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ သိရသည်။


မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုးရှိနေပြီဖြစ်ကြောင်း အစိုးရကထုတ်ပြန်ပြီးနောက်ပိုင်း ကြိုတင်ကာကွယ်သည့်အနေဖြင့် မြိတ်သို့လာရောက်ပြေးဆွဲနေကြသည့် ယာဉ်လိုင်းများအား ယာဉ်ပေါ် ပါခရီးသည်အားလုံးကို နေရပ်လိပ်စာအပြည့်အစုံရေးသွင်းတင်ပြရန် ယာဉ် လိုင်းများကို ယင်းကော်မတီမှ ညွန်ကြားထားသည်။


သို့သော် ရန်ကုန်မှမြိတ်မြို့သို့ မတ်လ ၃၀ရက်က ဝင်ရောက်လာသည့် မန္တလာမင်းယာဉ်သည် နိုင်ငံခြားသား ၃ ဦးကိုတင်ဆောင်လာပြီး “တိုးရစ်” (နိုင်ငံခြားခရီးသွား) ဟုသာ ရေးသားထားပြီး အမည်နေရပ်လိပ်စာထည့်သွင်းရေးမထားသဖြင့် စည်းကမ်းဖောက်ဖျက် မှုကို အရေးယူရေးတင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီဥက္ကဋ္ဌ ဦးအောင်သင်းမောင်က ပြောသည်။


“ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိတဲ့အတွက် အရေးယူနိုင်ဖို့ တိုင်းဒေသကြီးအစိုးရကိုတင်ပြသွားမယ်”ဟု ၎င်းက ပြောသည်။


မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီသို့ ပေးခဲ့သည့်ခရီးသည်စာရင်းတွင် နိုင်ငံခြားသား ၃ ဦး၏အမည်၊ လိပ်စာအတိအကျမပါသော်လည်း ၎င်းတို့၏နိုင်ငံကူးလက်မှတ် မိတ္တူများကိုလမ်းတစ်လျှောက်သက်ဆိုင်ရာစစ်ဆေးရေးဂိတ်များသို့သတင်းပို့ပေးပြီး လာခဲ့ခြင်းဖြစ်ကြောင်း မန္တလာမင်းကားအသင်း (မြိတ်)မှတာဝန်ရှိသူက ပြောသည်။


“စာရွက်မှာရေးလိုက်လို့ မှားသွားမယ်ဆိုရင်ဘာမှလုပ်လို့မရဘူး အဲဒါကြောင့်ပါ”ဟုတာဝန်ရှိသူက ပြောသည်။


အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်ရုံးချုပ်သို့ တင်ပြဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။


ယာဉ်ပေါ်ပါလာသည့် စပိန်နှင့်ကနေဒါနိုင်ငံသားအပါအဝင် ၅ ဦးကို မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စုရှိ အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်းတွင် ၁၄ရက် စောင့်ကြည့်ထားရှိကြောင်း စောင့်ကြည့်ရေးစခန်းမှ သိရသည်။