မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပိတ်ရက် ထပ်မံတိုးမြှင့်

0
317

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ယာယီပိတ်ထားသည့် မြန်မာ-ထိုင်း နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ်၊ မောတောင်ဂိတ်နှင့် ထိုင်းနိုင်ငံစင်ခွန်းအထူး ယာယီနယ်စပ်ဂိတ် (မောတောင်-စင်ခွန်းဂိတ်)မှ ဝင်/ထွက်သွားလာမှုပိတ်ခြင်းကို ဧပြီလ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။


ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်၊ နှိမ်နင်း၊ တားဆီးရေးအတွက် မတ်လ ၂၁ ရက် မှစပြီး ဧပြီလ ၃ ရက်အထိ မောတောင် – စင်ခွန်းနယ်စပ်ဂိတ်ကို ယာယီပိတ်ထားခဲ့ရာမှ ယခုကဲ့သို့ ထပ်တိုးလိုက်ခြင်း ဖြစ်သည်။


စင်ခွန်းအထူးယာယီနယ်စပ်ဂိတ်မှ လူ၊ ယာဉ်များနှင့် ပစ္စည်းများ ဝင်/ထွက် သွားလာမှုအား ဧပြီလ ၃၀ ရက်အထိ ရက်ထပ်တိုးမြှင့်ပိတ်ထားကြောင်းကို ထိုင်းနိုင်ငံကလည်း ဧပြီလ ၃ ရက်က စာထုတ်ပြန်ထားကြောင်းသိရသည်။


ယင်းကဲ့သို့ နယ်စပ်ဂိတ်ပိတ်ထားသဖြင့် မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ မြိတ်ရေထွက်ကုန်များ တင်ပို့ခွင့်မရခြင်း၊ စင်ခွန်းဈေးတွင် နေ့ချင်းပြန်ခရီးဖြင့် ဈေးရောင်းချခွင့်မရှိခြင်းစသည့် အခက်အခဲတို့နှင့်ကြုံတွေ့နေရကြောင်း မောတောင်မြို့ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောပြသည်။

မြင့်မိုရ်(မြိတ်)