စခန်းသွင်းစောင့်ကြည့်ရေးစင်တာ အတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း တစ်ရာစီ အစိုးရထောက်ပံ့မည်

0
445

ကိုရိုနာရောဂါ ကာကွယ်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ အလိုက်ဖွင့်လှစ်ထား သည့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် စခန်းသွင်းစောင့် ကြည့်ရေးစင်တာများအတွက် တစ်မြို့ နယ်လျှင် ငွေကျပ်သိန်းတစ်ရာနှုန်း ထောက်ပံ့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ သိရသည်။

ပြည်သူလူထုပူးပေါင်း ပါဝင်သည့် စခန်းသွင်းစောင့်ကြည့်ရေးစင်တာများ (Community Based Facility Quarantine) အတွက် ထောက်ပံ့ငွေများ ကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး များထံ မကြာမီ ခွဲဝေထောက်ပံ့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးကျော်မင်းက ဆိုသည်။

“မြို့နယ်ထဲမှာရှိတဲ ရပ်ကျေးတွေ အဆင့်ဆင့်ကို ခွဲဝေပြီးတော့ ပေးလိုက် ဖို့ဆိုတဲ့ကိစ္စက မြို့နယ်အုပ်ချုပ်ရေးမှူး မှတစ်ဆင့် ဒါကို လှူဒါန်းပေးသွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီးဦးကျော်မင်း က ပြောသည်။

တိုင်းအစိုးရ၏ အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ထိုငွေများကို မကြာမီရက်ပိုင်း အတွင်း ပေးအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစိုးရအဖွဲ့က Community Based Facility Quarantine အတွက် ဘတ်ဂျက်ခွဲဝေပေးမည် ဟု ကြားသိရပြီး လက်ရှိတွင် ထောက်ပံ့မှုမရှိသေးသည့် အတွက် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ် ရေးမှူး အစီအစဉ်ဖြင့် ထမင်းကျွေးခြင်း၊ ထောက်ပံ့ခြင်းများ လုပ်နေရကြောင်းဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

“အစိုးရမှာ ဒီစီမံချက်တော့ရှိတယ်။ နှောင့်နှေးနေတာပေါ့၊ လက်ရှိမကျခင် (ငွေမပေးမီ)စပ်ကြား သက်ဆိုင်ရာ တစ်ခုခုကနေပြီး ကြိုငွေတွေချပြီး လိုအပ် ချက်ကို ချက်ချင်းဖြည့်ပေးရမှာပေါ့”ဟု ၎င်းက ဆိုသည်။

ကိုရိုနာရောဂါနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့က Community Based Facility Quarantine လုပ်မည့် ရပ်ကျေးများအပြင် ကိုရိုနာကာကွယ်တား ဆီးရေးလုပ်နေသည့် လူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်) များအတွက် ခရိုင် တစ်ခုလျှင် ကျပ်သိန်း ၃၀ စီ လှူဒါန်း ထားကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း လူဦးရေ တစ်သောင်းကျော်ကို Facility Quarantine လုပ်နိုင်သည့် နေရာ ၃၁၇ ခု ပြင်ဆင်ထားပြီး ဧပြီလ ၁ ရက်အထိ ၈၆၄ ဦးကို စောင့်ကြည့်နေ ကြောင်း တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

Dawei Watch