ရငဲရွာ အုပ်ချုပ်ရေးမှူး တာဝန်မှ ယာယီရပ်နားခံရ

0
340

သရက်ချောင်းမြို့နယ် ရငဲကျေးရွာ အုပ်ချုပ်ရေးမှူးသည် တရားရုံးတွင် အမှုရင်ဆိုင်နေရသူ ဖြစ်သောကြောင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ တာဝန်မှ ယာယီရပ်နားထားခြင်း ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ရှင်းလင်းပြော ဆိုသည်။

ရငဲကျေးရွာ အုပ်ချုပ်ရေးမှူးသည် အခြားရွာသားတစ်ဦးအား လက်ထိပ်ခတ် အုပ်စုဖွဲ့ရိုက်နက်ခဲ့သည် ဟုဆိုကာ အမှုဖွင့်ထားသဖြင့် ၂၀၁၈ ခုနှစ်မှ ယနေ့အချိန် အထိ တရားရုံးတွင် အမူရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ဦးသန်းထွန်းက ပြောသည်။

“တရာရုံးမှာ ရင်ဆိုင်နေရတာမို့လို့ လက်ရှိက ဥပဒေအရ ခဏရပ်ဆိုင်းထားတာ။ ၂၀၁၂ ခုနှစ် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေမှာပါတယ်”ဟု ဦးသန်းထွန်းက ပြောသည်။

ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး စောင့် ထိန်းရမည့် ကျင့်ဝတ်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး အရည်အချင်းသတ်မှတ်ချက် ပျက်ယွင်းခြင်းရှိလျှင် ထိုသူကို မြို့နယ် အုပ်ချုပ်ရေးမှူးက တာဝန်မှ နုတ်ထွက် ခွင့်ပြုခြင်း၊ ယာယီရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်းတို့ လုပ်ဆောင်နိုင်ကြောင်း ရပ်ကျေး ဥပဒေ ပုဒ်မ ၁၅ တွင် ဖော်ပြထားသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သည် ရပ်ကျေးဥပဒေ ပုဒ်မ ၅ အရ အရည်အချင်းသတ်မှတ်ချက် ကိုးချက်၊ ပုဒ်မ ၁၁ အရ လိုက်နာစောင့်ထိမ်းရမည့် ကျင့်ဝတ်သုံးချက်ရှိရာ မည်သည့်အချက် နှင့် ငြိစွန်းကြောင်းကိုမူ ဦးသန်းထွန်းက ပြောဆိုခဲ့ခြင်းမရှိပေ။

တာဝန်မှ ရပ်ဆိုင်းခံရသူ ရငဲအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်အား ဖုန်း ဆက်မေးမြန်းရာ လတ်တလော မီဒီယာများကို ဖြေကြားလိုခြင်းမရှိသေးဘဲ အချက်အလက်များ ပြည့်စုံမှ ပြန်လည်ဖြေကြားမည်ဟု ပြောဆိုခဲ့သည်။

ဦးမျိုးမင်းအောင်သည် ကျေးရွာဖွံ့ဖြိုး ရေးအတွက် တက်ကြွစွာဆောင်ရွက်တတ်သော အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ကြောင်း ရငဲရွာသားတစ်ဦးက ပြောသည်။

လက်ရှိ ရငဲကျေးရွာအုပ်ချုပ်ရေး တာဝန်ကို ရွေးကောက်ပွဲတွင် ဒုတိယ မဲအများဆုံးရရှိခဲ့သူက တာဝန်ယူနေ ကြောင်း သရက်ချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ကျော်သူစိုး