ထားဝယ်နှင့်မြိတ်ခရိုင်တွင် အနိမ့်ဆုံးလုပ်အားခ ကျပ် ၅၀၀၀ ဝန်းကျင် ပေးရန်တောင်းဆို

0
281

ထားဝယ်ခရိုင်နှင့်မြိတ်ခရိုင်အတွင်း ရှိ အလုပ်သမားကိုယ်စားလှယ်များကအနိမ့်ဆုံးလုပ်ခလစာကို တစ်ရက် ကျပ် ၅၀၀၀ ဝန်းကျင် တောင်းဆိုကြကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။

မတ်လအတွင်း ပြုလုပ်ခဲ့သည့်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတို့အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးသုံးပွင့်ဆိုင် ဆွေးနွေးပွဲများတွင်ယင်းသို့ တောင်းဆို ကြကြောင်း ဦးကျော်မင်းက ပြောသည်။

ထားဝယ်ခရိုင်တွင်အလုပ်သမားဘက်ကတစ်ရက် ကျပ်၅၀၀၀ မှ ၅၂၀၀ ကြားတောင်းဆိုပြီးအလုပ်ရှင်များဘက် က တစ်ရက်လျှင်ကျပ် ၅၆၀၀မှ ၆၀၀၀ ကြား ပေးနိုင်ကြောင်း ပြန်ဆွေးနွေးခဲ့ သည်ဟု ဦးကျော်မင်းက ဆိုသည်။

မြိတ်ခရိုင်တွင်မူ အလုပ်သမားများ ဘက်က တစ်နေ့အနိမ့်ဆုံး ကျပ်၅၀၀၀ တောင်းဆိုပြီး အလုပ်ရှင်များဘက်ကမူ လက်ရှိ တစ်နိုင်ငံလုံးအတည်ပြုထား သည့်ကျပ် ၄၈၀၀ သာ ထားစေလိုကြောင်း ဆွေးနွေးခဲ့သည်ဟု၎င်းက ပြောသည်။

ကော့သောင်းခရိုင်တွင်မူ လက်ရှိ ကိုရိုနာရောဂါပိုး ကိစ္စရပ်များကြောင့် ဆွေးနွေးပွဲ မလုပ်ဖြစ်သေးဘဲ ရွှေ့ဆိုင်း ထားသည်။

“ကော့သောင်းခရိုင်မှာလည်းလုပ် ဖို့ လိုအပ်နေပါသေးတယ်။ သို့သော် ကော့သောင်းခရိုင်အတွင်းမှာစစ်တမ်း လေးတစ်ခု လုပ်ထားတာရှိပါတယ်။ လူတွေကိုမေးမြန်းပြီး လုပ်ထားတာရှိ တယ်။ သူတို့ရဲ့ တောင်းဆိုချက်က ကျပ် ၆၀၀၀ ဝန်းကျင်ပေါ့”ဟု ဦးကျော်မင်းက ပြောသည်။

အနှိမ့်ဆုံးလစာ သတ်မှတ်ခြင်း အတွက်သုံးပွင့်ဆိုင် ဆွေးနွေးပွဲများကို ခရိုင်အလိုက်၊ တိုင်းအလိုက်ကျင်းပလေ့ ရှိပြီး အမျိုးသားအဆင့်တွင် စုပေါင်းတင် သွင်းဆွေးနွေးပြီး အမျိုးသားအဆင့် လုပ်ခလစာအဖွဲ့မှ နိုင်ငံတစ်ဝန်းလုံး၏အနိမ့်ဆုံးလုပ်ခလစာကို အတည်ပြုထုတ် ပြန်ရန်ရှိသည်။

တနင်္သာရီတိုင်း၏ တောင်းဆိုချက် များကိုအမျိုးသားအဆင့်သို့ဧပြီလ ၁၀ ရက်တွင်တင်သွင်းဆွေးနွေးရမည်ဖြစ် ရာ တိုင်းမှအစည်းအဝေးတစ်ရပ် ကျင်းပ ပြီး ဖြစ်နိုင်ခြေရှိသည့် ဆွေးနွေးမှုတစ်ရပ် ကို တင်သွင်းသွားမည်ဟု ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

“အလုပ်သမားတွေရသင့်ရထိုက် တဲ့အခွင့်အရေး၊ သူ့ရဲ့လုပ်အားခကို မှန်မှန်ကန်ကန် ရနိုင်ရေးကိုလည်း ထည့်တွက်ရတယ်။ ဒီနှစ်ခုကိုကျွန်တော် တို့ကချိန်ထိုးရတယ်။ ပြီးတော့တစ်နိုင်ငံ လုံးရဲ့ အနေအထားရကျွန်တော်တို့ကလျာထားချက်ကို နိုင်ငံတော်အမျိုးသား အဆင့်ကို တင်ပြရမှာပါ” ဟု ဦးကျော်မင်း က ပြောသည်။

တစ်နေ့တာအလုပ်သမားတို့ ကုန်ကျ စရိတ်၊ ငွေကြေးဖောင်းပွမှုအနေအထား စသည်တို့ကိုထည့်တွက်ရကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင်ဆွေးနွေးပွဲတွင် ရေ လုပ်ငန်းနှင့်ဆက်နွှယ်သည့် အလုပ်သမား များကိုယ်စား ဆွေးနွေးခဲ့သည့်လောင်း လုံးမြို့နယ်ရေလုပ်သားများသမဂ္ဂအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးကမူ လက်ရှိငါးဈေးကွက် ကိုအစိုးရမှ ကောင်းစွာဖော်ဆောင်နိုင်မှု မရှိသဖြင့် ရေလုပ်ငန်းရှင်များ အကျပ် အတည်း မဖြစ်ရေးအတွက်တိုးမည်ဆိုက ၅၂၀၀ကျပ်ဝန်းကျင် တိုးပေးသင့်သည် ဟု ဆွေးနွေးခဲ့ကြောင်း ပြောသည်။

“လုပ်ငန်းရှင်မှာလည်း ငါးဈေး ကွက်မရှိလို့အခက်အခဲ ဖြစ်နေကြတယ်။အလုပ်သမားတွေလည်း အခုသတ်မှတ် ထားတဲ့ ဈေးနဲ့ ကျေနပ်နိုင်တယ်။ ဒီမှာ (လှေသားတွေကို)ပေးထားတာက သတ် မှတ်ထားတာထက် ပိုပေးထား တယ်လေ။ တိုးမှ ရရင်လည်း ကျပ်၅၂၀၀ ပေါ့”ဟု ဦးကိုကိုဦးက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ရေလုပ် သားများမှာလခအဖြစ် တစ်လနှစ်သိန်း ဝန်းကျင်ရရှိကြပြီး အချို့က ငါးအမိအရပေါ် ဝေပုံကျအစုစားများပါရရှိကြသည်။

Dawei Watch