ကိုရိုနာ ကာကွယ်ထိန်းချုပ်ရေး အစိုးရနှင့်လူထု မည်သို့တုံ့ပြန်သင့်ပုံ

0
459

ကိုရိုနာရောဂါပိုး ကာကွယ်၊ ထိန်းချုပ် ရေး တစ်ကမ္ဘာလုံးက ကြိုးစားနေရသည်။ ရောဂါပိုးပျံ့နှံ့မှု အလွန်လျင်မြန်ခြင်း ကြောင့် ကူးစက်ခံ နိုင်ငံအများစုတွင် ခက်ခဲစွာ ထိန်းချုပ်နေရသည်။ သို့သော် ကူးစက်ခံရမှုနှင့် သေဆုံးမှု ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။

ယင်း ရောဂါပိုးပျံ့နှံ့မှုကို မည်သို့ ထိန်းချုပ်သင့်ကြောင်းကို ဟားဗတ် တက္ကသိုလ် ကနေဒီမူဝါဒရေးရာကျောင်း မှ ကျွမ်းကျင်သူများကို တက္ကသိုလ် အင်တာနက်စာမျက်နှာတွင် မေးမြန်း တင်ဆက်ထားမှု အချို့ကို စုစည်းဖော်ပြ လိုက်ပါသည်။

သတင်းအချက်အလက် အထူးအရေးကြီး

ကိုဗစ်နိုင်တင်းကြောင့် ဖြစ်လာမည့် အကျိုးဆက်များကို လျှော့ချနိုင်ရန်၊ ထိန်းချုပ်ထားနိုင်ရန် သတင်းအချက် အလက်မှာ အထူးအရေးကြီးကြောင်း ဟားဗတ်တက္ကသိုလ် ကနေဒီမူဝါဒရေးရာ ကျောင်းမှာ ပါမောက္ခ မက်သူးဘွမ်က ထောက်ပြပြောဆိုသည်။

သတင်းအချက်အလက်များကို နိုင်ငံရေးကြောင့် ထိမ်ချန်ခြင်း မပြုဖို့၊ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ သူကဆိုသည်။ ထိုသို့မဟုတ် ပါက တကယ့်အရေးပေါ် အခြေအနေ တွင် အစိုးရထုတ်ပြန်ချက်များကို ပြည်သူ များ ယုံမည်မဟုတ်တော့။

ယင်းအပြင် အာဏာရနိုင်ငံရေး ခေါင်းဆောင်များနှင့် ပြည်သူ့ကျန်းမာ ရေးဆိုင်ရာ ကျွမ်းကျင်သူများ တွဲလုပ်နေ ကြောင်း လူထုကို သတင်းစကားပေး နိုင်ဖို့၊ အများအမြင်မှာ လက်တွဲလုပ်နေ ကြောင်း ဖော်ညွှန်းပြဆိုရန် လိုသည်။ ထိုမှသာ နိုင်ငံရေးသမားတွေကို ပိုယုံ သောအုပ်စုနှင့် ကျွမ်းကျင်ပညာရှင်တွေကို ပိုယုံသော အုပ်စုတို့ နှစ်စုစလုံးကို ဆွဲဆောင်စည်းရုံးနိုင်မည်။

ရှိရင်းစွဲ အခြေအနေများမှ ဖောက်ထွက်ရေး

အဓိက အားဖြင့် အစီအမံချမှတ်ခြင်း တွင် နဂိုမူလ အသားကျနေသည့် အစီ အစဉ်များမှ ဖောက်ထွက် စဉ်းစားဆောင် ရွက်ရန် လိုသည်။ အရေးကြီးသည်မှာ ရောဂါပိုးပျံ့နှံ့မှု၊ ကူးစက်မှုများကို ထိန်း ချုပ်လိုက်နိုင်ပြီး ထိုမှ လျှော့ချနိုင်ရန် လိုသည်။

ထိုသို့ လျှော့ချနိုင်ရန်မှာ လူထုကို ခပ်ခွာခွာနေစေရန် (Social Distancing) အတွက် အစီအမံများကို အားတိုက်အင် တိုက်နှင့် စဉ်ဆက်မပြတ် လုပ်ဆောင်နေ ရန် ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု သမတ အိုဘားမားလက်ထက် အစိုးရ ဌာနတွင်းရေးရာ ဒုတိယဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သူ ဂျူလတီ ကေကမ်းက ဆိုသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ရဲရဲတင်း တင်းရှိဖို့ မူလအခြေအနေများ ပျက်သွား မည်ကို များစွာမစိုးရိမ်ဘဲ ဖောက်ထွက် လုပ်ဆောင်တတ်ရန် လိုသည်။ ကပ်ရောဂါ များ၏ သဘောအရ မည်သည့် အချိန် တွင် စမည်ကို ကြိုတင်မသိတတ်လေရာ ကိုယ့်စိတ်အတွင်း မှန်ကန်သည်ထင် သော အချိန်မှာပင် စကိုင်ရတတ်သည်။ နောက်ကျသွားရင်လည်း လိုက်မမီဘဲ ထိန်းမနိုင်ဖြစ်သွားနိုင်သည်။ စောသွား ပြန်ကလည်း မလိုအပ်ဘဲ ကသောင်း ကနင်း ဖြစ်သွားနိုင်သည်။ အချိန်ကိုက် ဖြစ်ဖို့တော့ လိုသည်။

ပွင့်လင်းမြင်သာမှု၊ အထိန်းအကွပ်နှင့် ဦးစားပေးချမှတ်မှု

ပထမဦးစွာ ကပ်ရောဂါ ထိန်းချုပ်၊ ကုသ၊ ကာကွယ်မှုများအတွက် ပွင့်လင်း မြင်သာသော သတင်းအချက်အလက်များ လိုအပ်သည်။ ရောဂါပိုးပျံ့နှံ့မှု၊ အောင်မြင် စွာ ကုသပျောက်ကင်းမှု၊ သေနှုန်း စသည့် မည်သည့် ရလဒ်မျိုးမဆို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးနိုင်ရမည်။ ထိုသို့ ပွင့်လင်းမြင်သာစွာ မထုတ်ပြန်နိုင်ပါက ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် ကုသရေး ထိရောက်သော နည်းလမ်းရှာရန် ခက်မည် ဖြစ်ကြောင်း ဟားဗတ် တက္ကသိုလ်မှ ပြည်သူ့မူဝါဒရေးရာဆိုင်ရာ လက်ထောက် ပါမောက္ခ ဆိုရာ့ဆက်ဂက်ဖီယမ်က ဆိုသည်။

ဒုတိယ အချက်မှာ ခရီးသွားကန့် သတ်ခြင်း၊ ကျောင်းများ ပိတ်ခြင်းနှင့် လူစုလူဝေး ကန့်သတ်ခြင်းတို့ ဖြစ်သည်။

တတိယ အချက်မှာ နိုင်ငံအတွင်း ရှိသော အရင်းအမြစ်များကို မည်သူတို့ကို ဦးစားပေး မျှဝေပေးမည်ကို ဆုံးဖြတ်ရ မည်ဖြစ်သည်။ စစ်ဆေးရေး ကိရိယာ၊ ဆေးရုံကုတင်၊ အသက်ရှုစက်နှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများမှာ အကန့်အသတ်ဖြင့်သာ ရှိရာ မည်သည့် နေရာတွင် မည်သူတို့ကို ဦးစားပေးမည် ဆိုသည်က အရေးကြီးလာသည်။

ငြီးငွေ့စရာ ဆိုပေမဲ့ အခြေခံအကျဆုံး

အစိုးရကတော့ နိုင်သလောက် လုပ်ပေလိမ့်မည်။ လူထုကလည်း ကိုယ် တတ်နိုင်တာ လုပ်ရန်၊ ကိုယ့်တာဝန်ကိုယ် ယူရန် အရေးကြီးပါသည်။ လူတိုင်းလူ တိုင်း၏ ပြုမူဆောင်ရွက်ပုံများကပင် အရေးကြီးသော အကာအကွယ် ဖြစ်သွား မည်ဖြစ်ကြောင်း ဟားဗတ်ကနေဒီကျောင်း ရှိ လူထုခေါင်းဆောင်မှုဆိုင်ရာ စင်တာမှ နတ်ဒဝက်စ်က ဆိုသည်။

တတ်နိုင်သမျှ အပြင်မထွက်ဘဲ အိမ်မှာနေခြင်း၊ နေမကောင်းဖြစ်ပါက တာဝန်သိစိတ်ဖြင့် နေထိုင်ခြင်း၊ ချောင်းဆိုး နာချေပါက အကာအကွယ်အသုံးပြုခြင်း၊ လက်ပုံမှန်ဆေးခြင်း တို့ဖြင့် တိုင်းပြည် နှင့် လူမျိုးကို ကာကွယ်နိုင်သည်။ ကိုယ့် ကိုကိုယ်သာမက အခြားသူများကိုလည်း ဘေးမဖြစ်အောင် နေထိုင်နိုင်သည်။

ငြီးငွေ့စရာကောင်းချင် ကောင်းပေ လိမ့်မည်။ သို့သော် အခြေခံ အကျဆုံး၊ အရေးကြီးဆုံး အရာများဖြစ်လေသည်။

အခွင့်အရေးနှင့် တာဝန်

လက်ရှိ ဖြစ်ပွားနေသော ကပ်ရောဂါ တွင် လူ့အခွင့်အရေး၊ ကျင့်ဝတ်နှင့် နိုင်ငံရေးအရ တာဝန်ရှိမှုတို့ပါ ပါဝင် ပတ်သက်နေသည်။ လူအများ ကျန်းမာစွာ နေထိုင်နိုင်ခွင့်ကို ထည့်တွက်ရမည် ဖြစ်သကဲ့သို့ လွတ်လပ်စွာ သွားလာနေ ထိုင်ခွင့်ကိုလည်း စဉ်းစားရမည်ဖြစ်သည်။ ယင်းအပြင် လွတ်လပ်စွာ ပညာသင်ခွင့်၊ သတင်းအချက်အလက် ရပိုင်ခွင့်နှင့် အမိုး အကာအောက်နေထိုင်ပိုင်ခွင့်တို့ကိုလည်း ထည့်သွင်းစဉ်းစားရမည်။ ထိုကြောင့် ကျန်းမာရေး အကြောင်းကြောင့် ကန့်သတ် မှုများနှင့် လွတ်လပ်စွာ နေထိုင်သွားလာ ခွင့်တို့အကြား မျှတအောင် လုပ်ဆောင် ကြရန် ကမ္ဘာကျန်းမာရေးအဖွဲ့က ညွှန်းဆို ထားသည်။

လွတ်လပ်မှုနည်းတူ တာဝန်လည်း တွဲပါလာသည်။ ယခုဖြစ်ပွားနေသော ကပ်ရောဂါမှာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး နှင့် ဆက်နွှယ်နေရာ တစ်ဦးချင်းအခွင့် အရေးထက် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အရေးကိုလည်း ကြည့်ရန် လိုပါသည်။ ယခု အရေးမှာ တစ်ဦးချင်းထက် ကိုယ် အပါအဝင် အများရယူပိုင်ဆိုင် ကျန်းမာနိုင် သော အခွင့်အရေး ဖြစ်ကြောင်းကိုလည်း ထောက်ချင့်ရန်လိုကြောင်း ဟားဗတ် ကနေဒီကျောင်းမှ လူ့အခွင့်အရေးမူဝါဒ ဆိုင်ရာ ပါမောက္ခ ကေသင်က ဆိုသည်။

အနာဂတ်အတွက် ဦးစားပေးချမှတ်ရန် လိုအပ်ချက်များ

ယခု လူထု၏ ကျန်းမာရေးနှင့် စီးပွားရေးကို ခြိမ်းခြောက်နေသော ကပ် ရောဂါက တိုင်းပြည်များတွင် ဦးစားပေး လုပ်ငန်းများ ပြန်လည်ချမှတ်ရေးဆွဲရ မည်ကို ပြဆိုနေသည်။

အမေရိကန်ပြည်ထောင်စုတွင် ပညာရှင် အချို့ကသတိပေးနေသည့်တိုင် ကျန်းမာရေးတွင် အစိုးရက ဘဏ္ဍာငွေ ထည့်သွင်းထားမှု များစွာနည်းသည်။ ကပ်ရောဂါအတွက် ပြင်ဆင်ထားခြင်း လည်း မရှိပါ။ စစ်ရေး၊ ကာကွယ်ရေး အတွက်သာ အလေးစိုက်ပြင်ဆင်နေသည်။

ယခုတော့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုများ၊ ကျန်းမာရေး ကိစ္စများ တွင် ဘဏ္ဍာငွေ ပိုသုံးရေး ပြုပြင်ပြောင်း လဲမှုများ လုပ်ရန် အချိန်ကျပြီဖြစ်ကြောင်း ဟားဗတ် ကနေဒီကျောင်းမှ ပြည်သူ့ရေးရာ မူဝါဒပညာရှင် လင်ဒါက သတိပေးထားသည်။

Dawei Watch