ကိုရိုနာပိုးထိ လုပ်ငန်းများကို အစိုးရငွေထုတ်ချေးမည်

0
382

အချို့လုပ်ငန်းများနှင့် အလုပ်လက်မဲ့ လက်လုပ်လက်စားများအတွက် အစီအစဉ် ဝေးနေဆဲ

ကိုရိုနာရောဂါပိုး ဂယက်ကြောင့် ထိခိုက်သော လုပ်ငန်းများကို အစိုးရက ငွေထုတ်ချေးမည် ဆိုသော်လည်း တနင်္သာရီတိုင်းအတွင်းမှ အချို့လုပ်ငန်း များနှင့် လက်လုပ်လက်စားများအတွက် အခွင့်အလမ်း ဝေးနေဆဲ ဖြစ်သည်။

ကိုရိုနာ ရောဂါပိုးဂယက်ကြောင့် ထိခိုက်မှု၊ သက်ရောက်မှုရှိသော စီးပွား ရေးလုပ်ငန်းများအတွက် အတိုးနှုန်း သက်သာသည့် ချေးငွေထုတ်ချေးရန် အစိုးရနှင့် ကုန်သည် စက်မှုအသင်းတို့ ပူးပေါင်းပြင်ဆင်လျက်သည်။

“COVID-19 နဲ့ ပတ်သက်ပြီး ထိခိုက်အများဆုံး ဖြစ်နိုင်မှာ ဖြစ်တဲ့ SME လုပ်ငန်းနဲ့ ပတ်သက်ပြီး ချေးငွေ ကို ထုတ်ချေးပေးသွားဖို့ဆိုတဲ့ကိစ္စက နိုင်ငံတော်က မူဝါဒတစ်ရပ်အနေနဲ့ ချမှတ် ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါပြီ”ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

စီးပွားရေးလုပ်ငန်း အမှန်တကယ် ထိခိုက်သည့် လုပ်ငန်းများအနေဖြင့် ချေးငွေရယူလိုပါက ဧပြီလ ၉ ရက်နေ့ နောက်ဆုံးထားကာ အသင်း၏ ရုံးတွင် လူကိုယ်တိုင်လာရောက် လျှောက်ထား နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ပြောကြားသည်။

“COVID-19 ကြောင့် အမှန် တကယ် ထိခိုက်နေတဲ့ စီးပွားရေးလုပ်ငန်း တွေ အကုန်ပါတယ်ပေါ့။ ထိခိုက်မှုရှိတဲ့ လုပ်ငန်းတွေအတွက် ပြန်လည်ကုစား ရအောင် ချေးပေးတာပေါ့နော်။ အခုဆို လျှောက်လွှာတွေ စထုတ်ပေးနေပြီ”ဟု ဦးကျော်ကျော်ဦးက ဆိုသည်။

လုပ်ငန်း၏ အခြေခံအချက်အလက်များ၊ COVID-19 ကြောင့် ထိခိုက်မှု အခြေအနေ၊ ချေးယူလိုသည့် ငွေပဏာမ၊ ပူးတွဲတင်ပြရန် လိုအပ်သောစာရွက် စာတမ်းများ စသည့် အခြေခံအချက် အလက်များကို ပူးတွဲတင်ပြကာ ချေးငွေ လျှောက်ထားနိုင်ကြောင်း ဦးကျော်ကျော်ဦး က ပြောသည်။ အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်း ချေးငွေကာလ တစ်နှစ်သတ်မှတ်ထား သည်။

သို့သော် တနင်္သာရီတိုင်းအတွင်းရှိ အချို့သော လုပ်ငန်းများမှာ ချေးငွေရရှိ ရန် အခွင့်အလမ်းနည်းပါးလျက်ရှိသည်။ ယင်းအပြင် ကပ်ရောဂါပိုးဂယက်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသော လက်လုပ် လက်စားအတွက် အစီအစဉ် မရှိသေးပေ။

ငါးဈေးထိုးကျကာ ရေလုပ်ငန်းတွင် ထိခိုက်မှုများရှိသော်လည်း ကမ်းနီး လုပ်ငန်းရှင်များတွင် လိုအပ်သည့် အချက် အလက်များ ပြည့်စုံမှုမရှိသဖြင့် အစိုးရ ချေးငွေသည် ရေလုပ်ငန်းရှင်များအတွက် အလှမ်းဝေးနေဆဲဖြစ်သည်ဟု ထားဝယ် ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော် ကျော်သက်က ဆိုသည်။

“တောင်းထားတဲ့ အချက်တွေက ရေလုပ်ငန်းမှာ ပြည့်စုံတာ မရှိဘူး။ အဲတော့ သူတို့တောင်းတဲ့ အချက်အလက် အားလုံးကို ပေးနိုင်တဲ့ အနေအထားမရှိ တော့ SME ကို မျှော်လည်း မမျှော်ဘူး။ အဲလိုပဲ ကိုယ့်ဘာသာကိုယ်ပဲ ရုန်းကန်ပြီး တော့ သွားနေရတဲ့ အနေအထားမျိုးရှိတယ်။ ရေလုပ်ငန်းအနေအထားအရတော့ မျှော်ကိုးစရာ ဘာမှ မရှိဘူး”ဟု ၎င်းက ဆိုသည်။

အခွန်ဆောင်ထားသည့် လုပ်ငန်း၊ လုပ်ငန်းလိုင်စင်၊ လှေဂရန်၊ ငါးဖမ်း လိုင်စင် စသည့်အချက်အလက်များသည် ကမ်းနီးငါးဖမ်းလုပ်ငန်းများတွင် မရရှိ သေးသောကြောင့် SME ချေးငွေသည် ရေလုပ်ငန်းရှင်များနှင့် အတော်အလှမ်း ဝေးနေဆဲဖြစ်သည်။ ကမ်းဝေးရေလုပ်ငန်း ရှင်များမှာမူ ထိုက်သင့်သလောက် ရနိုင် မည်ဟု ဦးကျော်ကျော်သက်က ပြောသည်။

ကိုရိုနာ ဂယက်ကြောင့် အလုပ်လက်မဲ့ ဖြစ်ရသူ၊ အလုပ်မသွားရသဖြင့် စားဝတ် နေရေးထိခိုက်နိုင်သူ၊ ဝင်ငွေနည်းမိသားစု များအတွက်မူ တိုင်းအစိုးရတွင် အစီအစဉ် တစ်စုံတရာ မရှိသေးပေ။

“အခြေခံလူတန်းစားတွေအတွက် ထိခိုက်လာနိုင်မယ့် အနေအထားကတော့ တိုင်းအစိုးရအနေနဲ့ကတော့ လတ်တလော အခြေအနေအရတော့ ဆုံးဖြတ်ချက်တွေ တော့ မရှိသေးဘူးပေါ့နော်”ဟု ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

လက်ရှိအချိန်တွင် အလုပ် မရတစ် ချက် ရတစ်ချက် ဖြစ်နေသည်ဆိုသော မြိတ်မြို့၊ မြို့သစ်ရပ်မှ အသက် ၅၄ နှစ် အရွယ် ကျပန်းအလုပ်သမား ဦးစိုးက အစိုးရက ဆန်ဝေပေးတာမျိုးကို လုပ်စေချင် ကြောင်း ပြောသည်။

“အဓိကက ဆန်ပဲ။ ဆန်ရှိနေရင် တော့ ထမင်းစားလို့ ရတာပေါ့။ ဈေးဝယ် စားဖို့ ပိုက်ဆံမရှိတဲ့အဆုံးဆို ကန်စွန်း ရွက်လေး ရှာလှီးချက်ပြီး စားလို့ရတယ်။ ဆန်မရှိရင်တော့ ဘာမှလုပ်လို့မရဘူး”ဟု ဦးစိုးက ပြောသည်။

“စားနေဖို့ဆန်ကလည်းမရှိ ဒီရောဂါ ကြီးက ဘယ်အချိန်ပျောက်မယ်မှန်း လည်း မသိဆိုတော့ ဟိုတွေးဒီတွေးနဲ့ ညညဆို အိပ်လို့တောင်မပျော်ဘူး”

မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ကမူ ဝင်ငွေနည်း မိသားစုများ အတွက် ငွေကျပ်သန်း တစ်ထောင် သုံးစွဲမည်ဖြစ်ပြီး အလှူရရှိငွေနှင့် ပေါင်းစပ်ကာ အခြေခံစားသောက်ကုန်များ ထောက်ပံ့ မည်ဟု ပြောဆိုထားသည်။

လက်ရှိတွင် ဝင်ငွေနည်း မိသားစု စာရင်း ရရှိနိုင်ရေး ရာအိမ်မှူး၊ ဆယ် အိမ်မှူးများမှတစ်ဆင့် စာရင်းကောက် ခံထားပြီးဖြစ်သည်ဟု မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က သတင်းမီဒီယာများသို့ ပြောဆိုထားသည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့တွင်မူ လက်ရှိအချိန်ထိ ယင်းသို့သော အစီ အစဉ်မျိုး မရှိသေးဟု တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်မင်းက ဧပြီလ ၄ ရက်တွင် ပြောသည်။

“ဒါပေမယ့်လည်း ဖြစ်လာတဲ့ အခြေ အနေအပေါ်မူတည်ပြီးတော့ အတတ် နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် လုပ်ဆောင် သွားဖို့အတွက်တော့ အစိုးရအဖွဲ့က ကြိုး စားဆောင်ရွက်နေပါတယ်”

အခြေခံအလုပ်သမားအချို့၏ အသံများ

အလုပ်ကတော့ သီဟိုဠ်စေ့ခြစ်တယ်။ ကျွန်မတို့နဲ့ အတူတူ အလုပ်လုပ်တဲ့သူတွေကတော့ သီဟိုဠ်စေ့ခွဲတဲ့သူနဲ့၊ ခြစ်တဲ့သူတွေ အားလုံးပေါင်းဆိုရင် ရှစ်ဆယ်လောက်ရှိတယ်။

ကျွန်မကအဲစက်ရုံမှာ လုပ်နေတာကတော့ ငါးနှစ်လောက်ဖြစ်နေပြီ။ အခု လူစုလူဝေး မလုပ်ရဘူးဆိုလို့ အလုပ်နားနေရတာ တစ်လကျော်နေပြီ။ အကုန်လုံးနားနေရတယ်။ ကျွန်မတို့က ရုံမှာစုပြီး ခြစ်ရတာဆိုတော့ လူစုလူဝေးမလုပ်ရဘူးလို့ ပြောလို့။ ပြီးရင်သီဟိုဠ်စေ့ကလည်း နိုင်ငံခြားကို ပို့လို့မရတော့ဘူးဆိုပြီး အလုပ်ရှင်က ခဏနားမယ်ဆို ပြောပြီး နားလိုက်တာ။

ကျောင်းအားတဲ့အချိန်ဆိုရင် မောင်လေးကလဲ ဝင်လုပ်တာဆိုတော့ အဲကရတဲ့ ပိုက်ဆံနဲ့ပဲ မိသားစု စားသောက်နေကြတယ်။ ကျွန်မတို့မှာက တစ်နေ့လုပ်မှ တစ်နေ့စားနေရတဲ့သူတွေလေ။

အလုပ်နားလိုက်တာဆိုတော့ ပိုက်ဆံက ရလမ်းလုံး၀မရှိတော့ဘူးလေ။ ထွက်လမ်းမျှပဲရှိတော့တယ်။ အခုဆို အလုပ်ရှိတုန်းက နည်းနည်းစုထားတာလေးနဲ့ပဲ စားနေရတယ်။ အလုပ်ပုံမှန်ဆင်းနေရတုန်းကဆိုရင်တော့ ကိုယ်စားချင်တာရှိရင်လဲ ဝယ်စားလို့ရတယ်။

အခုကျတော့ အလုပ်လဲမရှိဘူးဆိုတော့ မုန့်လက်သုပ်လေးတစ်ပွဲစားချင်တောင်မှ အငတ်ခံနေရတယ်။ ကိုယ့်မှာသုံးဖို့မရှိတော့ဘူးဆိုတော့လေ။ အမေ့ဆီမှာ ဖုန်းဘေထည့်ဖို့ ပိုက်ဆံတစ်ထောင်တောင်းတာတောင်မှ အမေက မပေးနိုင်လို့ ဝမ်းနည်းပြီး ငိုမိသေးတယ်။

အာဟာရရှိအောင် စားကြပါလို့တော့ ပြောနေကြတာပဲ။ ဒါပေမယ့် ပိုက်ဆံမရှိတော့ မစားနိုင်ဘူး။ ပိုက်ဆံရှိမှသာ စားနိုင်တာလေ။ အခုချိန်မှာက အလုပ်ရှိမှ ပိုက်ဆံရတာလေ။ အလုပ်မရှိရင် ပိုက်ဆံက မရှိတော့ဘူးလေ။

ကျွန်မကတော့ သင်္ကြန်ပြီးတာနဲ့ အလုပ်မြန်မြန်ဖွင့်ပါစေတော့ဆိုပြီးဆုတောင်းနေရတယ် အခုချိန်မှာလေ။ ဘာဖြစ်လို့ဆိုရင် သူများတွေလဲ ဒုက္ခဖြစ်နေကြတယ်။ ကိုယ်လဲဒုက္ခဖြစ်နေရတယ်။

အဲလို ဒုက္ခမျိုး ဘယ်တော့မှလဲ မကြုံချင်ဘူး။ ဒီရောဂါကြီးကလဲ ဘယ်အချိန်မှ ပြီးမှာလဲမသိဘူးပေါ့လေ။ အချိန်အကြာကြီး ဖြစ်နေရင်တော့ ကျွန်မတို့မိသားစုတော့ ဒုက္ခပဲလို့တွေးနေတယ်။ အလုပ်ကလဲ မဖွင့်ဘူးဆိုရင် ကျွန်မတို့က ဒီအတိုင်းပဲ မစားဘဲ နေကြရတော့မလား ဆိုပြီးတောင် ပြောနေရသေးတယ်။ အလုပ်ရှင်ကလဲ ကျွန်မတို့ကို အားနာနေတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ ကိုလည်း အတိုးနည်းနည်းနဲ့ ချေးငွေတွေပေးမယ်လို့ ကြားနေရတယ်။ ကျွန်မတို့လို တစ်နေ့လုပ် တစ်နေ့စားတွေကိုတော့ ဘယ်သူ့မှလဲ မသိကြဘူး၊ ဂရုမစိုက်ကြဘူးလို့တွေးပြီး စိတ်အားငယ်တယ်။

ကျွန်မကတော့ အစိုးရက ထောက်ပံ့ပေးတာထက် အလုပ်လေးတစ်ခုရအောင် လုပ်ပေးရင် ပိုကောင်းတယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာ သူများလဲ ဒုက္ခရောက်နေကြတယ်ဆိုတော့ ထောက်ပံ့ပေးတာကို မလိုချင်ဘူး။ ကိုယ်လုပ်ပြီး ကိုယ်ရတာပဲလိုချင်တယ်။ ထောက်ပံ့ပေးမယ်ဆိုရင်တော့လည်း ယူရမှာပေါ့။ အခုက အလုပ်တွေကလည်း သူသူငါငါပဲ ပိတ်နေ ကြတယ်ဆိုတော့ အလုပ်တစ်ခုလည်းရဖို့ မဖြစ်နိုင်ဘူးလေ။

မနန္ဒာဆက်
(သီဟိုဠ်စေ့စက်ရုံနေ့စားအလုပ်သမ) လောင်းလုံးမြို့နယ်၊ ကမြောကြီးရွာ။

တစ်နေ့ကို ပိုက်ဆံရှစ်ထောင်လောက်ရနေရာက ခုဆို တစ်ဝက်လောက်သိသိသာသာ ကြီးနည်းသွားတယ်။ လူတွေက ခရီးသွားလာ သိပ်ပြီးမလုပ်ကြတော့ဘူး။ အိမ်ပြင်က အိမ်ထဲသိပ်မထွက်ကြတော့ဘူး။ ဈေးမှာတောင် ခြောက်ကပ်ကပ်ပဲ။ နေ့တိုင်းလာနေသူက ခုဆိုသုံးရက်လောက်မှ တစ်ခါပဲလာကြတာ ခုဆယ်ရက်လောက်အတွင်းမှာတောင် အိမ်မှာမိသားစု ဖြစ်သလိုပဲစားနေရတယ်။

ဒီကပ်ဘေးဆက်ဖြစ်နေရင် ထမင်းတောင် ငတ်သွားမယ့်အခြေအနေကရှိနေတယ်။ ရှိတဲ့လူက ရိက္ခာတွေဝယ်စု မရှိတဲ့သူက ထိုင်ကြည့်နေရုံပဲ ဒီလိုပဲနေရတယ်။ အစိုးရကဘာမှလည်း လုပ်မပေးနိုင်ဆိုတော့ ရောဂါကြောင့်မသေဘဲ ကြာရင်ငတ်သေမလားပဲ။

ဦးကျော်
(ဆိုင်ကယ်တက္ကစီမောင်းသူ) ဇေယျာသီရိရပ်၊ မြိတ်။

Dawei Watch