အုပ်ကြီး၏အပူမီး

0
1196

ကျွန်တော့် သူငယ်ချင်းတစ်ယောက် အုပ်ကြီးဖြစ်နေတာ အခုဆိုရင် ၅ နှစ် တောင် ပြည့်ပါတော့မယ်။ နယ်နယ်ရ ရတော့မဟုတ်။ အဲဒီ ၅ နှစ်အတွင်းမှာ လူကြိုက်များလို့ နှစ်ကြိမ်ဆက် အရွေးခံ ထားရတဲ့ အုပ်ကြီးဗျ။ ဆိုတော့ အခု သက်တမ်း ၅ နှစ်ပြည့်အောင် ချောချော မောမော ထမ်းဆောင်ပြီးရင် ပင်စင်ဆို လား၊ ဆုကြေးဆိုလားမသိ အဲဒါကြီးကို ခံစားရဖို့ သေချာသွားပြီခင်ဗျ။ ဒါပေမယ့် လည်း သူခမျာ သက်တမ်းပြည့်ခါနီးမှ ကံဆိုးရှာသဗျာ။

သူဒီတောင်ကို ကျော်မှ ကျော်နိုင်ပါ့မလား စိုးရိမ်နေရတယ်။ သူအနေနဲ့ ဒီတောင်ကို ကျော်နိုင်ပြီ ဆိုရင်တော့ နာမည်ကောင်းလည်း ရနိုင် သလို၊ ဆုကြေးလေးလဲ ခံစားခွင့်ရသွား မှာပါခင်ဗျ။

အုပ်ကြီးဖြစ်ခါစက အတိုက်အခိုက် လေး နည်းနည်းပါးပါး ရှိတာကလွဲရင် အားလုံး အေးဆေးပါဆိုတဲ့ အနေအထား မျိုး။ ဒါပေမယ့်လည်း မြေယာကိစ္စ၊ ဟို ကိစ္စ သည်ကိစ္စလေးတွေတော့ နည်းနည်း ပါးပါးရှိလို့ ဖြေရှင်းပေးနေရတာကိုတော့ သူပြောပြလို့ ကြားကြား နေရတယ်ခင်ဗျ။ အဲဒီထဲမှာ မြေယာကိစ္စကတော့ သူ့ အတွက် အတော်ကို အကြပ်ရိုက်ရတဲ့ သဘောရှိသဗျ။ ရေနက်ဆိပ်ကမ်း ဧရိယာ နဲ့နီးတာကြောင့် မြေကဈေးရှိတော့ မျက်စိ ကျတဲ့သူတွေ များသားဗျ။ အကောင်ကြီး တွေလည်းပါတော့ လုပ်ရကိုင်ရ ပိုခက် တာပေါ့ဗျာ။ တချို့က ပိုက်ဆံနဲ့ စည်းရုံး တော့ ကိုယ့်သီလကိုယ် မပျက်အောင် သူ့ခမျာ အတော်လေး ထိန်းရရှာသေး။ ရမယ့်ငွေက သိန်းရာချီဆိုတော့ မြိုးမြိုး မြက်မြက်ပါပဲ။

အရင်ခေတ်ကလိုမျိုးဆို ရင်တော့ ပွပေါက်ပေါ့ဗျာ။ ဒါကြောင့် လည်း တချို့အုပ်ကြီးတွေက အုပ်ကြီး ဆက်ဖြစ်ဖို့အရေး လာဘ်ပေးကြသကိုး။ အခုခေတ်တော့ မဟုတ်။ အရင်ခေတ် က ပြောတာပါ။ ဒါပေမယ့် အခုချိန်မှာ လည်း အဲဒီလိုအုပ်ကြီးမျိုး ရှိကောင်းရှိနေ နိုင်သေးရဲ့။ ဒီနေရာမှာ ကျွန်တော့်သူငယ် ချင်းအုပ်ကြီးကတော့ အဲဒီလိုအုပ်ကြီး မျိုး မဟုတ်ဘူးဆိုတာ အာမခံရဲသဗျ။

ကျွန်တော့် သူငယ်ချင်းအုပ်ကြီးက ခေတ်ပညာတတ်ဆိုတော့ ပြောရဲဆိုရဲ လည်း ရှိတယ်ခင်ဗျ။ သူ့ဘက်က မှန်နေ ရင် အထက်လူကြီးကိုလည်း ခံပြောတာ ပဲ။ ဒါပေမယ့် စည်းလွတ် ဘောင်လွတ်တော့ မဟုတ်ဘူးဗျ။ ဥပဒေဘောင်အတွင်းကပဲ ပြောတာပါ။ တချို့ကတော့ သူ့ကို စာအုပ်ကြီးဆန်တယ်လို့ သူ့နောက်ကွယ် မှာ သမုတ်ကြလေရဲ့။ ကျွန်တော်ကတော့ သိပ်လက်မခံချင်ဘူး။ ကိုယ့်သူငယ် ချင်းမို့ ပြောတာတော့မဟုတ်ဘူး။ သူ့လို အုပ်ကြီးတွေမျိုး တစ်နိုင်ငံလုံးရမယ်ဆို သိပ်ကောင်းမှာပဲလို့ တွေးနေမိတယ်ဗျ။ ပြောသမျှ ခေါင်းညိတ်ပြီး ဝေစားမျှစားတဲ့ အုပ်ကြီးမျိုးတော့ မလိုချင်ဘူးလေဗျာ နော် . . . ။

အုပ်ကြီးလုပ်ရတာလည်း လွယ်တော့ မလွယ်ဘူးဗျ။ ရပ်ရွာအတွက် စေတနာထားလေလေ လူမုန်းခံရလေလေ ပါပဲခင်ဗျ။ ဥပမာ ရွာလမ်းချဲ့တဲ့ကိစ္စမျိုး ဆိုရင်တော့ မြေမလှူချင်တဲ့ သူနဲ့တွေ့ရင် အဲဒါ အမုန်းခံရပြီပေါ့။ မူးယစ်ဆေးကိစ္စ တွေဆိုလည်း ဒီအတိုင်းပဲဗျ။ တစ်ခါ တစ်ခါ သူ့ကို ညဘက်ဆို သတိထားသွား လာဖို့ တိုက်တွန်းနေရသေးတယ်ဗျ။ လူမုန်းများတဲ့အလုပ် လုပ်နေမိထားတော့ သတိထားဖို့ လိုတာပေါ့နော်။ အခုခေတ် လူတွေက လူ့အသက်ကို သိပ်တန်ဖိုးထား ကြတာ မဟုတ်လေတော့ ဆင်ဆင်ခြင် ခြင်နေဖို့က ကိုယ့်တာဝန်ပေါ့ဗျာ။

သူ့ရဲ့ကြိုးစားမှုတွေက အရာထင် သားဗျ။ သူ့လက်ထက်မှာ သူ့ရွာနဲ့ တစ် ခြားရွာကြားက ရွာချင်းဆက်လမ်း လေးလည်း အတော်လေးကောင်းသွား တယ်။ နောက်ပြီးတော့ ကျောင်းတို့၊ ရွာဈေးတို့လည်း အတော်လေးကောင်း လာသလို၊ အုပ်ချုပ်ရေးမှူးရုံးလည်း အသစ်၊ ကျေးလက်ကျန်းမာရေး ဆေး ခန်းလေးကလည်း အသစ်ဆိုတော့ အတော်လေး တိုးတက်လာသဗျ။ သူ့ရဲ့ ကြိုးစားမှု တစ်ခုတည်းနဲ့တော့ မဟုတ် ဘူးပေါ့ဗျာ။ ရွာသူရွာသားတွေရဲ့ ပူးပေါင်း ပါဝင်မှုကလည်း ထည့်မတွက် လို့မရဘူးဗျ။ နောက်ပြီးတော့ လွှတ် တော်အမတ်မင်းပေါ့ခင်ဗျာ။ သူတောင်း ပေးမှရနိုင်သလို အစိုးရမင်းများရဲ့ စေတနာလည်းပါမှ အခုလိုဖြစ်လာမှာ မဟုတ်လား။ အဲဒီလိုပြောရင် နည်း နည်းများ လော်ရာကျမလားမသိ။

အခုတလော ကျွန်တော့်အုပ်ကြီးရဲ့ မျက်နှာကြည့်ရတာ သိပ်မကြည်မလင် နဲ့ဗျ။ အတော်လည်း ပင်ပန်းနေပုံရသဗျ။ ခါတိုင်းဆို မနက်အစောကြီး လက်ဖက် ရည်သောက်ဖို့ ကျွန်တော့်ကို သူပဲ ဖုန်းဆက် ခေါ်နေကျဗျ။ သူဟာ ကျွန်တော့် အတွက်တော့ နှိုးစက်ပါပဲခင်ဗျ။ အခု တော့ လက်ဖက်ရည်သောက်ဖို့ ဖုန်းမ ဆက်တာ တစ်ပတ်ကျော်လောက် ရှိပြီ ခင်ဗျ။ ကျွန်တော်လည်း မနက်ပိုင်း သူဖုန်းမဆက်တော့ အိပ်ရာကနောက်ကျ မှထဖြစ်တော့ မနက်စာနဲ့ နေ့လယ်စာ ပေါင်းပြီးစားနေရတာ တစ်ပတ်နီးနီး ရှိ နေပြီဗျ။

ဒီနေ့တော့ သူဘာဖြစ်လို့ အဲဒီလို ဖြစ်နေရသလဲဆိုတာ ကျွန်တော်သိလိုက် ရပြီခင်ဗျ။ သူလေးခမျာလည်း တစ်ကမ္ဘာ လုံးပတ်ပြီး ဒုက္ခပေးနေတဲ့ COVID – 19 ဘေးက ပြေးမလွတ်ဘူး ဖြစ်နေတာဗျ။ သူ့ခမျာ အုပ်ကြီးဆိုတော့ သူများတွေလို home stay နေလို့က မရ။ မိသားစု အရေးထက် ကိုယ့်ရပ်ကိုယ့်ရွာအရေးကို ပိုအလေးထား နေရတော့သကိုး။ တာဝန် ရှိတဲ့ တိုင်းအစိုးရအဖွဲ့က ဖင်အေးနေတော့ သူ့အနေနဲ့ ရပ်ရေးရွာရေး စိတ်ပူရတယ် ဆိုတာကလည်း ဖြစ်သင့်တဲ့ကိစ္စပဲ မဟုတ် လားဗျ။ တိုင်းအစိုးရက ညွှန်ကြားတဲ့ စာတွေက အတော်နောက်ကျနေတော့ သူ့အစီအစဉ်နဲ့သူပဲ အားလုံးကို လိုက် လုပ်ထားရတော့ တာပေါ့။

သူ့မှာ COVID -19 ကြောင့် အကြီးအကျယ် အကျပ်ရိုက်နေရတဲ့ ကိစ္စ နှစ်ခု ရှိနေသဗျ။
ပထမတစ်ခုက ကျန်းမာရေးဝန်ထမ်း လေးတွေရဲ့ ဘေးကင်းလုံခြုံမှုဗျ။ ခင်ဗျား တို့ စဉ်းစားကြည့်ဗျာ။ ကျေးလက်ကျန်းမာ ရေးဌာနက ဝန်ထမ်းတွေအတွက် အစိုးရ က ထောက်ပံ့ပေးတာဆိုလို့ နှာခေါင်း စည်း တစ်ခုစီပဲရှိပါသတဲ့ခင်ဗျ။ လက် အိတ်ဆိုတာက ကိုယ့်အိတ်စိုက်နဲ့ဝယ်ထားရသတဲ့ဗျ။ PPE ဝတ်စုံဆိုတာ အိပ်မက်မျှသာပေါ့ဗျာ။ Infrared Thermometer(အနီအောက်ရောင် ခြည်သုံး အပူချိန်တိုင်းကိရိယာ) ဆိုတာ ကလည်း တစ်သိန်းလောက် ဈေးရှိတော့ ဘယ်ဝယ်ထားနိုင်မလဲဗျ။ ဒီတော့ သူတို့ လေးတွေခမျာ home quarantine လုပ်ထားတဲ့သူတွေကို အဖျားတိုင်းတဲ့ အချိန်ဆို ရိုးရိုးသာမိုမီတာ (clinical thermometer) လေးကိုပဲ အားကိုးရတာ ပေါ့။ ဘယ်လောက်ထိ အန္တရာယ်များ သလဲဆိုတာ စဉ်းစားသာကြည့်တော့။ home quarantine (အသွားအလာ ကန့်သတ်ပြီး နေအိမ်မှာထား) ထားတဲ့ သူတွေထဲမှာ positive တစ်ယောက် လောက်သာပါကြည့်သူနဲ့ သူ့မိသားစုဝင် တွေအတွက် မတွေးဝံ့စရာပဲဗျ။

ကျန်းမာရေး ဆရာမလေးတွေနဲ့ အတူတူ သူလည်း အကာအကွယ်မဲ့လိုက် နေရတာဆိုတော့ ဟိုဆရာမလေးတွေ အတွက် စိတ်ပူရသလို၊ သူကိုယ်တိုင် အတွက်လည်း စိတ်မအေးရဘူးဗျ။ ဘယ်သူ့ကို အပြစ်တင်လို့ တင်ရမှန်း မသိတော့ နောက်ဆုံး တိုင်းအစိုးရကိုပဲ သူအရင်ဦးဆုံး အပြစ်တင်လိုက်တော့ တယ်ခင်ဗျ။ အပေါ်က ညွှန်ကြားတာကိုပဲ စောင့်နေကြလို့ အားမရဘူးတဲ့ခင်ဗျ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဘာမှမလုပ်ရဲ ဘူးဆိုလားပဲ။ သူတို့က အစိုးရဖွဲ့နဲ့ ပိုနီးစပ်တော့ ကျွန်တော်တို့ထက် ပိုသိ မှာပေါ့ဗျာ။ အဲဒါတွေက ကျွန်တော် ပြောတာ မဟုတ်ဘူးနော် သူပြောတာ (သူပြောတာ)ပါဗျ။

အခုတလော သူ့ကို ကျွန်တော် သံသယ ဝင်နေပြီဗျ။ ဘာဖြစ်လို့လည်းဆို Home quarantine ထားဖို့ ပြည်တော် ပြန်တွေကို နေ့စဉ် စာရင်းယူနေရသဗျ။ တချို့ဆို ညကြီးအချိန်မတော်မှ ရောက် လာကြသူလည်း ရှိသကိုး။ လူဆိုတာ အမြဲ သတိထားနိုင်တာ မဟုတ်ဘူးလေ ဗျာ။ တစ်ခါလောက်များ လက်ဆေးဖို့မေ့ သွားရင်လား ဟင်း. . . ဟင်း. . .ဟင်း. . .ဟင်း မတွေးရဲစရာပဲဗျ။ ဒီတော့ သူနဲ့ ခပ်ကင်းကင်းနေမှပဲ တော်ကာကျတော့ မယ်ခင်ဗျ။

Home quarantine လို့သာ ပြောတယ် လုပ်ရကိုင်ရတာ အတော်လက် ပေါက်ကပ်သဗျ။ တချို့က တာဝန် ရှိတဲ့လူတွေက ပြောတာကို လျှောလျှော ရှူရှူ လက်ခံတယ်များ ထင်သလား။ ဟိုဖက်မှာ စစ်လာပြီးပြီမို့ ဒီမှာအစစ်ခံ ဖို့မလိုတော့ဘူးတဲ့ ခင်ဗျ။ စဉ်းစားသာ ကြည့်ပေတော့။ ဟိုဘက်မှာ အစစ်ခံပြီးတာ နဲ့ မြေလျှိုးမိုးပျံပြီးပဲ လာသလိုမျိုး။ တချို့ကလည်း ပြန်ရန်တွေ့တဲ့ သူတွေ ကလည်း ရှိသေးတယ်ဆိုပဲ။ ကိုယ့် အတွက်မှန်း၊ သူများအတွက်မှန်းမသိ တော့ ခက်ရချေပေါ့။

ကျွန်တော့်အုပ်ကြီးက အလုပ်လုပ် တာတော့ စေ့စပ်သားဗျ။ Home quarantine (အသွားအလာ ကန့်သတ် ပြီး နေအိမ်မှာထား) ထားတဲ့ ပထမရက် မနက်အစောကြီး လူသွားစစ်သတဲ့ဗျား။ အဲဒီမှာ ဘာပြောကောင်းမလဲ။ တစ်ယောက် ဆိုတစ်ယောက်မှ အိမ်မှာမရှိဘူးတဲ့ဗျား။ အလှူသွားတဲ့သူနဲ့၊ မင်္ဂလာဆောင်သွား တဲ့သူနဲ့၊ မြို့တက်တဲ့သူနဲ့ဆိုတော့ အုပ်ကြီးခမျာ အလုပ်များ ရှာသပေါ့ဗျာ။ နောက်ဆုံး မထူးဘူးဆိုပြီး အုပ်ကြီး အာဏာပြရသပေါ့ဗျာ။ Home quarantine ထားတာကို မလိုက်နာရင် တည်ဆဲဥပဒေနဲ့အညီ ထောင်ခြောက်လချလို့ရတယ်ဆိုပြီးတော့ ရွာထဲမှာလိုက် ကြေညာရသပေါ့။ အဲဒီတော့မှ နည်း နည်းလေး ငြိမ်သွားသတဲ့ဗျား။

အခုချိန်မှာ အုပ်ကြီးအနေနဲ့ အစိုးရိမ် ဆုံးအချက်က သူ့ရပ်သူရွာသားတွေ အကြား ပဋိပက္ခ ဖြစ်မှာကိုပါခင်ဗျ။ ပြည်တော်ပြန်တွေနဲ့ ရွာသားတွေအကြား မှာပေါ့ဗျာ။ ပြည်တော်ပြန်တွေက Home quarantine ထားတာကို ကောင်းကောင်းလက်မခံကြသလို၊ တာဝန်ရှိသူ တွေက ညွှန်ကြားတာကို သေသေချာချာ မလိုက်နာကြတော့ ကျန်တဲ့ရွာသားတွေက မကျေမနပ် ဖြစ်ကြတာပေါ့ဗျာ။ ရန်ကုန် မှာတောင် facility quarantine ထားတာကို လက်မခံဘဲ အိမ်မှာလာနေတဲ့ ပြည်တော်ပြန်အိမ်ကို ရပ်ကွက်ထဲက လူတွေက ခဲနဲ့သွားပေါက်ကြသတဲ့ဗျား။

ဒီသတင်းကြားထားတော့ အုပ်ကြီးခမျာစိုးရိမ်ရရှာပြီပေါ့ဗျာ။ ဒီလိုကိစ္စမျိုးဖြစ် လာရင် တိုင်းအစိုးရမှာ စီမံချက်တွေ ဘာ တွေ ရှိရဲ့လားဆိုတာလည်း သူ့အနေနဲ့ စိုးရိမ်နေရသေးသဗျ။

သူ့ကိုယ်စား ကျွန်တော့်မှာ ကြား ရတာနဲ့တင် ရင်မောလိုက်ရတာဗျာ။ သူ့ခမျာ မိန်းမကအိမ်မှာ ပြန်အိပ်ခွင့် ပေးတာကိုတောင် ကျေးဇူးတင်နေရသဗျ။ နို့မဟုတ်ဆို မန္တလေးမှာလိုမျိုး အပြင် ဆောင်နေတဲ့ ဆရာဝန်တွေကို အဆောင် ပိုင်ရှင်က လက်မခံတော့ရင် အတော်ဒုက္ခ ရောက်ရမှာ။ မိန်းမက လက်မခံတော့ရင် သူ့အနေနဲ့ ရုံးမှာသွားအိပ်ရမယ့်ကိန်း မဟုတ်လား။

သူ့ခမျာ အခုမှအုပ်ကြီးရာထူးက နုတ်ထွက်ဖို့ဆိုတာကလည်း ဒီဗြဟ္မာ့ ဦးခေါင်းကြီးကို ဘယ်သူက လက်ခံ မတုန်း။ သက်တမ်းကလည်း ကုန်ခါနီး လေးဆိုတော့ အပေါ်ကလည်း ထွက်ခွင့် ပေးမှာမဟုတ်။ COVID – 19 နဲ့တွေ့မှ ထွက်ပြေးပြန်ရင်လည်း သူရဲဘော ကြောင်ရာ ကျပေလိမ့်မယ်။ ရှေ့က ကြိုးစားထားခဲ့လို့ ရခဲ့တဲ့နာမည် ကောင်း လေးကို ဆက်ထိန်းချင်ရင်တော့ ကြံ့ကြံ့ ခံရင်ဆိုင်ဖို့သာ ရှိတော့သပေါ့။

သူငယ်ချင်းအုပ်ကြီးရေ COVID -19 ကပ်ဘေးကင်းဝေးပြီး သက်တမ်း ၅ နှစ် ပြည့်အောင် ထမ်းဆောင်သွားနိုင်ပါစေ လို့သာ ဒီနေရာက ဆုတောင်းပေးလိုက် ပါရဲ့။ COVID – 19 ဘေး မကင်းသေး သမျှ ငါ့ကိုလက်ဖက်ရည်သောက်မခေါ်ပါနဲ့တော့လို့လည်း ထပ်ပြီးမှာပါရစေ ဟေ့။ ဒါပဲနော် အုပ်ကြီး။ ဘိုင့်. . . ဘိုင်။

သန်းဇော်ဦး(ရလိုင်)