မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်ဆိုး

521
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

စာဖတ်သူတွေ ဒီစာကို ဖတ်နေတဲ့ အချိန်မှာ ကျွန်တော်ဟာ သွားလာဆက် သွယ်မှု ကန့်သတ်ဖြတ်တောက်ထား လိုက်ပြီး ပိတ်ချ (Lockdown) လိုက်ပြီ ဖြစ်တဲ့ ဝယ်လင်တန်မြို့ထဲက အိမ်လေး ထဲမှာ အိမ်တွင်း အကျယ်ချုပ်ဘ၀ရောက် နေပါပြီ။

စည်ကားလှတဲ့ မြို့တော် ဝယ်လင် တန်ရဲ့ လမ်းတွေပေါ်မှာ လမ်းဘေးထိုးရပ် ထားတဲ့ကားတွေ၊ ကင်းလှည့်နေတဲ့ ရဲကားတွေ၊ လူနာတင်ယာဉ်တချို့တလေ ကလွဲရင် လူသူလေးပါး စည်စည်ကား ကား တွေ့ရမှာ မဟုတ်ပါဘူး။ ကျွန်တော့် လိုပဲ နယူးဇီလန် နိုင်ငံသားတွေ အားလုံး လည်းပဲ အိမ်ထဲမှာပဲ တတ်နိုင်သမျှ နေကြရတော့မှာပါ။

ဒါဟာ နယူးဇီလန်အတွက် နိုင်ငံ တော် အရေးပေါ် အခြေအနေပါ။ အစိုးရ က ဒီလို လေးပတ် ပိတ်ချဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ သတိပေးတပ်လှန့်မှု အဆင့် (၄) ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်)ပျံ့နှံ့မှုကို တားဆီးဖို့ အထူးသဖြင့် နိုင်ငံ တွင်း ဆပွားတက်လာနေတဲ့ ကူးစက်မှု နှုန်းကိုတားဖို့ အစိုးရက ဒီလိုဆုံးဖြတ် အကောင်အထည်ဖော်လိုက်တာပါ။

ကျွန်တော် နယူးဇီလန်စရောက်တဲ့ ဖေဖော်ဝါရီ နောက်ဆုံးအပတ်မှာ ကိုဗစ်နဲ့ ပတ်သက်လို့ ဒီကလူ အတော်များများက အေးအေးဆေးဆေးပါပဲ။ လေဆိပ်လူဝင်မှု ကြီးကြပ်ရေးအရာရှိက “လွန်ခဲ့တဲ့ ၁၄ ရက်အတွင်းမှာ တရုတ်ပြည်ကို ခရီးသွား ခဲ့လား”လို့ မေးတာကလွဲရင် စင်္ကာပူ လေဆိပ်မှာလို အပူချိန်တိုင်းတာမျိုး တောင် မရှိပါဘူး။ တချို့တလေကလွဲရင် ဘယ်သူမှလည်း နှာခေါင်းပိတ်တွေ မတပ် ကြဘူး။

မတ်လ ပထမအပတ်နဲ့ ဒုတိယအပတ် အတွင်းမှာ ဝယ်လင်တန် မြို့အနီးအနား က ကျွန်တော်ခရီးထွက်ဖြစ်တဲ့ ဖော့စ် တောန်မြို့လေး၊ အဲဒီနားက ဝိုင်တာရီရီ ကမ်းခြေ၊ နောက် ဝယ်လင်တန်မြို့ထဲက ပြတိုက်နဲ့ မွာရီရိုးရာလှေလှော်လို့ရတဲ့ နေရာတွေ၊ ကမ်းနားလမ်းတစ်လျှောက်မှာ လူတွေစည်လို့ပါပဲ။ နှစ်စဉ် မတ်လပထမ ပတ် တနင်္ဂနွေမှာ ကျင်းပလေ့ရှိတဲ့ ဝယ်လင် တန်မြို့သစ် ဈေးပွဲတော်ဆိုလည်း စည် လိုက်သမှ။ ဒါပေသိ နယူးဇီလန် အစိုးရ ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုဗစ်ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ကတည်းက ပြင်ဆင်မှုတွေ စနေခဲ့ပါတယ်။

မတ်လရဲ့ ပထမနှစ်ပတ်မှာ ကျွန် တော်တို့ မြန်မာကျောင်းသားတွေ ဝယ်လင်တန်(ဝိတိုရိယ)တက္ကသိုလ်မှာ ကျောင်းပျော် တက်ရပါတယ်။ ကျောင်း ပျော်ဆိုတာက တကယ့်သင်ခန်းစာတွေ မသင်ရသေးဘဲ တက္ကသိုလ်ရဲ့ ပရဝုဏ် ထဲက အဆောင်တွေ၊ စာသင်ခန်းတွေ၊ စာကြည့်တိုက်၊ အားကစားခန်းမ၊ သမဂ္ဂရုံးခန်း၊ စားသောက်ဆိုင်စတဲ့ နေရာတွေနဲ့ရင်းနှီးအောင် ကျောင်းဝင်း အလည်အပတ် (Campus Tour)) လေ့လာ ရင်းတစ်ရက်မှာ နေ့တစ်ဝက်လောက်စီ ကျောင်းတက်ရတာမျိုးပါ။ ကျွန်တော်တို့ မြန်မာကျောင်းသားတွေကို တာဝန်ယူ ကူညီပေးတဲ့ ဆရာမက မနက်ခင်းမှာ အင်္ဂလိပ်စာစစ်ဆေးတာ၊ နယူးဇီလန် နိုင်ငံနဲ့ ပတ်သက်လို့ သိသင့်တာတွေ သင်ပြတာလုပ်တယ်။

ဒီလို ကျောင်းပျော် ရက်တွေမှာ နယူးဇီလန် လွှတ်တော်ထဲ သွားလေ့လာတာ၊ ဒေသခံမွာရီရိုးရာလှေ ကို စုပေါင်းသွားလှော်ကြတာ၊ ကျောင်းသား တွေကို အုပ်စုခွဲပြီး မြေပုံတစ်ချပ်စီပေးပြီး ဆိုင်တွေ၊ အထင်ကရနေရာတွေ လိုက်ရှာ ခိုင်းတဲ့ အစီအစဉ်တွေ လုပ်ပါတယ်။

ကျွန်တော်တို့က ဝယ်လင်တန် တက္ကသိုလ်ရဲ့ ကယ်လ်ဘန် ကျောင်းဝင်း မှာ တက်ရပါတယ်။ တက္ကသိုလ်က မြို့ထဲမှာ ကျောင်းဝင်း သုံးခုရှိပြီး ဘာသာ ရပ်အလိုက်ခွဲထားတာမျိုးပါ။ ကျွန်တော် တို့ ကယ်လ်ဘန်းက ကျောင်းဝင်းကြီး တစ်ခုဆိုပေမဲ့လို့ ဝင်းခြံခတ်ထားတာမျိုး မဟုတ်ပါဘူး။ ထူးခြားတာက ကျောင်းနဲ့ နီးတဲ့ လမ်းဘေးက အိမ်လေးတွေကို တက္ကသိုလ်က ဝယ်ပြီး စာသင်ဆောင်လေး တွေ လုပ်ထားတာပါ။ ဥပမာ ကျွန်တော် တို့ ကျောင်းပျော်တက်ခဲ့တဲ့ စာသင်ခန်း ဆိုရင်လည်း သူက နှစ်ထပ်သစ်သား အိမ်လေးကို စာသင်ခန်း လေးခန်းအဖြစ် ဖွဲ့ထားတာပါ။

မှတ်မှတ်ရရ မတ်လ ၁ ရက်နေ့ ကတည်းက ကျောင်းမှာ တရုတ်ဘာသာ စကားသင်တဲ့ အတန်းတွေကို Online Learning အဖြစ် ပြောင်းထားလိုက်ပါ တယ်။ ပြီးတော့ တရုတ်ကလာမယ့်သူ တွေရဲ့ဗီဇာကို အစိုးရက ကန့်သတ်လိုက် တာမို့ တရုတ်ကျောင်းသား အတော်များ များ သည်နှစ်ကျောင်းကို မလာနိုင်တော့ ဘူးလို့ ဆရာမက ဆိုပါတယ်။ သည်လိုနဲ့ ကျောင်းပျော်ရက်တွေ ကုန်သွားတဲ့အခါ တကယ့်အတန်းကို တက်ဖို့ ကျွန်တော်တို့ ဝင်ခွင့်ထပ်ဖြေရပါတယ်။

ဝင်ခွင့်အပေါ်မူတည်ပြီး ကျွန်တော် တို့ မြန်မာကျောင်းသားတွေလည်း အတန်းတွေ မတူကြတော့ပါဘူး။ ကျွန်တော် တို့ အခန်း ၁ မှာဆိုရင်လည်း ကျွန်တော် အပါအဝင် မြန်မာကျောင်းသား ငါး ယောက်ပဲ ရှိပါတယ်။ ကျန်တာက ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ တီမော၊ ကိုစတာရီကာ၊ ဆယ်မွန်ကျွန်းနိုင်ငံစတဲ့ နိုင်ငံတွေကပါ။ ပထမဆုံး ကျောင်းတက်ရတဲ့ နေ့မှာကိုပဲ ဆရာမက အတန်းထဲကို လက်ဆေးရည် တွေ၊ ပိုးသတ်ဆေးပါတဲ့ တစ်ခါသုံး လက် သုတ်ပဝါတွေယူလာပြီး ကျွန်တော်တို့ကို လက်ဆေးစေပါတယ်။ ဖုန်း၊ ကွန်ပျူတာ နဲ့ စားပွဲတွေ အကုန်သန့်ရှင်းရေးလုပ်ရ ပါတယ်။

မတ်လ ၁၆ ရက်မှာတော့ နယူးဇီလန် တစ်ဝန်း ကိုဗစ်လူနာ ၈ ဦး ရှိလာတယ်။ သည်လိုဖြစ်လာတော့ ကျောင်းကလည်း Online သင်ခန်းစာပြောင်းရင် ကျွန်တော် တို့ကို အဆင်သင့်ဖြစ်နေအောင် လော ဆော်ပါတော့တယ်။ ကျောင်းမှာလည်း နေမကောင်းရင် ကျောင်းမလာဖို့ သတိ ပေးစာသားတွေ အခန်းတိုင်းလိုလို နေရာ အနှံ့ ကပ်ထားလိုက်ပါတယ်။ ကျောင်းမှာ ကူးစက်လူနာ တစ်ယောက် တွေ့တာနဲ့ ကျောင်းပိတ်ချတော့မှာပါ။

မတ်လ ၁၇ ရက်မှာတော့ အစိုးရက ကိုဗစ်ကြောင့်ဖြစ်တဲ့ စီးပွားရေး အကျိုး ဆက်ကို တုံ့ပြန်ဖို့ ဒေါ်လာ ၁၂.၁ ဘီလျံ သုံးမယ်လို့ ကြေညာပါတယ်။ အဲဒီအထဲ မှာ ကျန်းမာရေးအသုံးစရိတ် သန်း ၅၀၀၊ ရောဂါကြောင့်ခွင့်ယူရတာ၊ သီးခြားနေရ တာတွေကို ထောက်ပံ့ဖို့က ၁၂၆ သန်း၊ ရောဂါဂယက်ကြောင့် ထိခိုက်တဲ့ စီးပွား ရေးလုပ်ငန်းတွေက အလုပ်သမားတွေ အလုပ်မပြုတ်ရအောင် လစာထောက်ပံ့ ငွေက ၅.၁ ဘီလျံ၊ ထိခိုက်နိုင်ချေမြင့် တဲ့သူတွေရဲ့ဝင်ငွေကို ထောက်ပံ့ဖို့က ၂.၈ ဘီလျံနဲ့ ဒေသခံ စီးပွားရေးလုပ်ငန်း တွေကို အခွန်အပြောင်းအလဲ လုပ်ပေး တာတွေအတွက် ၂.၈ ဘီလျံ အသီးသီး သုံးစွဲဖို့ လျာထားလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီလိုဘဏ္ဍာရေး နဲ့ဆိုင်တဲ့ ကိစ္စတွေ လူမှုဖူလုံရေးကိစ္စ တွေအတွက် အသေးစိတ် အစီအစဉ်တွေ ထွက်လာပါတယ်။ လူစုလူဝေး မလုပ်ဖို့ အထူးသဖြင့် လူ ၅၀၀ ထက်ပိုမစုဖို့ ကနဦးကြေညာချက်တွေ ထွက်လာပြီး လုပ်ဖို့ စီစဉ်ထားတဲ့ ပွဲလမ်းသဘင် ဖျော်ဖြေရေးတွေ အခမ်းအနားတွေ အကုန်ဖျက်ရပါတယ်။ တက္ကသိုလ်နဲ့ ကျောင်းတချို့ ပိတ်ပါတယ်။ ပြည်ဝင် ခွင့်ဗီဇာတွေ တင်းကျပ်ပါတော့တယ်။

ကျွန်တော်တို့ အတန်းစတက်တဲ့ ပထမအပတ်မှာထဲမှာကိုပဲ ကိုဗစ်ကူးစက် နှုန်းက နှစ်ဆ သုံးဆ ခုန်တက်လာပါ တယ်။ တစ်ရက်လောက် အတွင်းမှာ ၃၆ ယောက်ကနေ ၁၀၀ ကျော် ဖြစ်သွားတဲ့ အခါ လူတွေရဲ့ စိုးရိမ်စိတ်တွေ သို့လော သို့လော ဖြစ်မှုတွေ တိုးလာပါတယ်။ ဒီရက်ပိုင်းတွေမှာ နယူးဇီလန် အမျိုးသမီး ဝန်ကြီးချုပ် ဂျက်စင်ဒါက အစိုးရအဖွဲ့ အစည်းအဝေးထိုင်ပြီးတိုင်း သတင်းဌာန တွေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ပါ တယ်။

မတ်လ ၂၃ မှာတော့ ဝန်ကြီးချုပ်က နယူးဇီလန်နိုင်ငံရဲ့ အခြေအနေကို အရေး ပေါ် အခြေအနေ တပ်လှန့်မှု အဆင့် (၃) အဖြစ် သတ်မှတ်လိုက်ပြီး နောက် ၄၈ နာရီမှာ အဆင့် (၄) အဖြစ် တိုးမြှင့်သတ် မှတ်မယ်လို့ ကြေညာပါတော့တယ်။ အဆင့် (၄) ဆိုတာက မြို့တွေကို ပိတ်ချ လိုက်ပြီး ဆက်သွယ်သွားလာမှုတွေကို ကန့်သတ်လိုက်တာပါ။

တိုက်တိုက် ဆိုင်ဆိုင်ပါပဲ။ အဲဒီ မတ် ၂၃ မှာ ကျွန်တော်တို့ တက္ကသိုလ်ရဲ့ ဝန်ထမ်းတစ်ယောက်မှာ ပိုးတွေ့တာမို့ မတ်လ ၂၄ ရက်ကစလို့ ကျောင်းပိတ် လိုက်ပါတော့တယ်။ ကျောင်းအဆောင်က ကျောင်းသားတွေကို နေရာရွှေ့ခိုင်း တာတွေ၊ အဆောင်ပိတ်တာတွေ လုပ်ပါ တော့တယ်။ အဆင့် (၃) သတ်မှတ်မှုအရ ကျန်တဲ့တက္ကသိုလ်၊ ကျောင်း၊ ပြတိုက်၊ ဈေးဆိုင်တချို့၊ အရက်ဆိုင် စသဖြင့် အဲဒါတွေ အကုန်ပိတ်ရပါတော့တယ်။ မရှိမဖြစ်လိုအပ်တဲ့ ကုန်တိုက်၊ ဆေးဆိုင်၊ ဆေးခန်းတွေသာ ဖွင့်ခွင့်ရပါတယ်။ လူအတော်များများကတော့ အိမ်သာသုံး စက္ကူတွေ ခပ်များများဝယ်ကြပါတယ်။

ကျန်တဲ့စားသောက်ကုန်တွေလည်း ဝယ်လိုအား ရုတ်ချည်းတက်လာလို့ ဆိုင်တွေက အကန့်အသတ်နဲ့ ရောင်း ပေးကြရပါတော့တယ်။ လူတွေလည်း တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ ဖြစ်လာသလို ဆိုင်တွေမှာတန်းစီတဲ့ အခါလည်း အနည်းဆုံး ၃ ပေလောက် ခွာဖို့ မျဉ်းလေးတွေ တားပေးထားပါတော့တယ်။

ဒီလိုမျိုး မကြုံစဖူး အခြေအနေတွေ ဆိုးဝါးလာတဲ့အခါ ကျွန်တော်တို့ အပါ အဝင် လူတွေ ကြုံရတာကတော့ မရေရာ မှုတွေပါပဲ။ မနက်ဖြန် ဘာတွေဖြစ်မလဲ ဘယ်သူမှ မပြောနိုင်တဲ့ အနေအထားတွေ ဖြစ်ပါတယ်။

ဒါတွေကပဲ စိုးရိမ်စိတ်ကို ကြီးစေ ပါတယ်။

ဒီလို အနေအထားတွေကြောင့် ဒီဘက်အဖွဲ့က ကျွန်တော်တို့ကို မြန်မာ ပြည်ပြန်ဖို့ စီစဉ်ပေးပါတယ်။ ဒါပေမဲ့ ဖြတ်သန်းရမယ့် နိုင်ငံတွေမှာ လေဆိပ်တွေ ပိတ်ထားတာ၊ လေယာဉ်ပေါ်မှာ ရောဂါကူးနိုင်တာ စတာတွေကို ထောက် ချင့်လို့ နယူးဇီလန်မှာပဲ ဆက်နေဖို့ ဖြစ်သွားပါတယ်။ အတန်းကိုလည်း Online ကနေ ပုံမှန်တက်နေပါတယ်။

မြန်မာပြည်မှာ ပိုးတွေ့ပြီဆိုတဲ့ သတင်းကြားရတဲ့အခါမှာ ကျွန်တော် စိတ်ပူမိပါတယ်။ အထူးသဖြင့် ထိုင်းနဲ့ နယ်နိမိတ်ချင်းထိနေတဲ့ ကျွန်တော့်မွေး ရပ် တနင်္သာရီတိုင်းကိုပါ။ သိကြတဲ့ အတိုင်း ထိုင်းမှာ အခြေအနေတွေ ဆိုး လာလို့ အိမ်ပြန်လာကြမယ့် သူတွေ အတွက် ဘေးကင်းအောင် ဘယ်လိုလုပ် မှာလဲဆိုတာ တွေးပူပါတယ်။ ပြန်လာတဲ့ သူတွေကို ဘယ်လို ကျန်းမာရေးစစ်မလဲ။

စောင့်ကြည့်မလဲစတဲ့ အစီအစဉ်တွေကို နားစွင့်နေရပါတယ်။ ပြန်လာတဲ့သူတွေနဲ့ သူရဲ့ မိသားစု၊ အသိုင်းအဝိုင်း၊ နေရပ်ကို ဘေးကင်းစေချင်ပါတယ်။ ဒီလိုဘေးကင်း ကင်းနဲ့ စိတ်ချလက်ချ မိသားစုတွေပြန်ဆုံ နိုင်ဖို့ သက်ဆိုင်ရာက ဘယ်လို ကြိုးပမ်း နေသလဲ ဆိုတာလည်း နားစွင့်ရင်း စိတ်ပူ နေရပြန်ပါတော့တယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေတောင်မှ ဒီရောဂါ ကြောင့် အလူးအလဲဖြစ်နေတော့ ဒို့ဆီ မှာများဖြစ်ရင် တွေးပြီး စိတ်မသက်သာ လှပါဘူး။ အထူးသဖြင့်တော့ အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေအတွက်လည်း စိုးရိမ်နေမိပါတယ်။

မသေချာ မရေရာမှုတွေ ပြည့်နေတဲ့ သည်ကိုဗစ် ရောကန္တရကပ်ကြီးထဲမှာ ကျွန်တော်တို့ လူသားတွေတတွေ စိုးရိမ် သောက ဗျာပါဒတွေနဲ့ နေရတာကလည်း ခက်လှပါတယ်။
အခြေအနေတွေ နေရာတိုင်းမှာ ပိုမဆိုးလာဖို့ မျှော်လင့်ပါမိတယ်။

သည်ရောဂါ ကပ်ကြီးက လူသား အားလုံး အမြန်ဆုံးကျော်လွှား နိုင်ကြပါ စေကြောင်း ဆုတောင်းနေမိပါတော့တယ်။

ဝေယံထွဏ်း