သင့်တဲ့နေရာမှာ ရှက်ကြောက်ပါ

0
273

လူတစ်ယောက် လူပီသဖို့အတွက် အရှက်တရားနဲ့ အကြောက်တရားရှိရ တယ်ဆိုတဲ့ ဆုံးမဩဝါဒမျိုးကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ အမြဲတမ်းလိုလို ကြား ကြရပါတယ်။ လောကကြီး မပျက်စီးဖို့ အတွက် ဟီရိ၊ ဩတ္တပ တရားနှစ်ပါး လိုတယ်လို့ ဆရာတော်တစ်ပါး ဟောကြားတဲ့ တရားတော်ကို နာကြားရတော့ ကျွန်မတွေးမိပါတယ်။ ဘယ်လိုအရှက် တရားနဲ့ အကြောက်တရားမျိုးပါလဲ။ ဘယ်အရာတွေကို ရှက်ရ၊ ကြောက်ရပြီး တော့ ဘယ်အရာတွေကို မရှက်ရ၊ မကြောက်ရမှာပါလဲ။

ကိုယ့်အကျိုး၊ သူတစ်ပါးအကျိုး ပျက်စီးစေမယ့်ကိစ္စတွေ လုပ်ဆောင်မိရင် ရှက်ရ၊ ကြောက်ရပြီးတော့၊ ကိုယ့်အကျိုး သူတစ်ပါး အကျိုးရှိစေမယ့် အလုပ်မျိုး ဆိုရင် မရှက်မကြောက် လုပ်ဖို့လိုတယ်လို့ ဆရာတော်ရှင်းပြတာကို ကြားရတော့ ဒီကနေ့ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (Covid 19)နဲ့ပတ် သက်ပြီး ဖြစ်ပေါ်နေတဲ့ အနေအထားကို မျက်စိထဲ မြင်ယောင်သွားမိပါတယ်။

အဲဒီရောဂါဟာ ကူးစက်ရောဂါ ဖြစ်ပြီးတော့ ကမ္ဘာ့ကပ်ရောဂါအဖြစ် အားလုံးက အသိအမှတ်ပြုထားကြပြီး ပါပြီ။ နိုင်ငံတော်တော်များများမှာလည်း ကြောက်စရာကောင်းတဲ့ ကူးစက်မှုနှုန်း တွေ တစ်နေ့တစ်ခြား မြင့်တက်လာနေတာ လည်း မြင်နေကြရပြီ။ ခပ်ဝေးဝေးက နိုင်ငံတွေမှာ ဖြစ်နေတာကို ဂရုမထား ဘူးဆိုရင်တောင် ကိုယ့်ရဲ့အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ကိုယ်ရဲ့ဇာတိ ချက်ကြွေဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကူးစက် ခံနေရတာကို မျက်မြင်ကိုယ်တွေ့ ကြား သိနေကြရပြီ။ အဲဒီဂယက်ကြောင့် ထိုင်း နိုင်ငံမှာ အလုပ်သွားလုပ်နေကြတဲ့များ လှစွာသော မြန်မာအလုပ်သမားများဟာ ကိုယ့်ရဲ့ဇာတိရပ်ရွာ မြန်မာပြည်ကို အလုံးအရင်းနဲ့ ပြန်လာနေကြပြီ။

ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှုနှုန်း မြင့်သွားရတဲ့ အကြောင်းတွေထဲက လက်ဝှေ့ပွဲကျင်းပရာကနေ ကူးစက်ခံရ တာက အဓိကအကြောင်းရင်းတစ်ရပ်ဖြစ် တယ်လို့ မီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း လူစုလူဝေးဖြစ်စေမယ့် အခမ်းအနား ပွဲလမ်းသဘင်များကို မကျင်းပကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိုက် တွန်း နှိုးဆော်တာတွေ ပြုလုပ်လျက် ရှိပါတယ်။

ပြည်သူတွေအနေနဲ့ကရော၊ ဒီရောဂါကို ဘယ်လောက်အထိ ကြောက် ကြပါသလဲ။

ဒီရောဂါနဲ့ပတ်သက်ပြီး ရှက်ကြောက်တဲ့အခါ မှန်မှန်ကန်ကန်မှ ရှက်ကြောက်ကြပါရဲ့လား။ ကြောက်သင့် တဲ့နေရာမှာ မကြောက်ဘဲ မကြောက်သင့် တဲ့နေရာမှာ ကြောက်နေတာမျိုးတွေ၊ ရှက်သင့်တဲ့နေရာမှာ မရှက်ဘဲ မရှက် သင့်တဲ့ နေရာမှာ ရှက်နေတာမျိုးတွေ ကိုလည်း ပတ်ဝန်းကျင်မှာ တွေ့နေရပါ တယ်။

သင်္ကြန်ပွဲတော်အပါအဝင် ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ စတဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲလမ်းသဘင် အတော်များများကို ရပ်ဆိုင်းလိုက်တာဟာ ကြောက်သင့်တဲ့ နေရာမှာ ဥာဏ်အမြော်အမြင်ရှိရှိနဲ့ ကြောက်ကြတာလို့ မြင်ပါတယ်။ အဲဒီလို ဥာဏ်အမြော်အမြင်ကြီးကြတဲ့ လူပညာရှိ၊ ရဟန်းပညာရှိများကို များစွာကျေးဇူးတင် သာဓုခေါ်ရပါတယ်။

ဒါပေမယ့် တချို့နေရာတွေမှာ ကုသိုလ်ရေးအကြောင်းပြပြီး၊ လူစုလူဝေး ဖြစ်စေမယ့် ပွဲလမ်းသဘင် အခမ်းအနား တွေကို မကြောက်မရွံ့ ဆက်လုပ်နေကြ တုန်းပါပဲ။ အခြားသူတွေကို ကူးချင်ကူး မယ် ငါ့ကိုတော့ မကူးနိုင်ဘူးလို့ တွေး နေကြတာလား မသိပါ။ ပွဲလမ်းသဘင် အခမ်းအနားတွေနဲ့ လူစုလူဝေးတွေဟာ အဓိက ရောဂါကူးစက်နိုင်တဲ့ နေရာပါလို့ တာဝန်သိသူတွေက တွင်တွင်ပြောနေ ပေမယ့် အခမ်းအနားတွေကို ဆက် လက်လုပ်ဆောင်နေတာက ကြောက်သင့် တဲ့နေရာမှာ မကြောက်တာလို့ မြင်ပါ တယ်။

ဒါက ကင်ဆာရောဂါ မဟုတ်ပါဘူး။ ကူးစက်ရောဂါပါ။ ကိုယ်က ကူးစက်ခံ လိုက်ရပြီဆိုရင် ကိုယ်နဲ့ အနီးဆုံးမှာရှိတဲ့ ကိုယ့်မိသားစုဝင်တွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ ကိုယ့်ပတ် ဝန်းကျင်မှာ ကိုယ်ထိတွေ့ရသမျှသူတွေ ကလည်း ကူးစက်ခံရနိုင်ပါတယ်။

ရောဂါပိုးသယ်ဆောင်လာတဲ့ လူတစ် ယောက်ကနေတစ်ဆင့် တစ်ခြားလူတွေကို အလွယ်တကူ ကူးစက်သွားနိုင်တဲ့ အနေ အထားမျိုးမှာ လူစုလူဝေးရှိတဲ့ နေရာ ကိုသွားတာ၊ လူစုလူဝေးဖြစ်စေမယ့် အခမ်းအနားတွေကို ဆက်လက် ကျင်းပနေတာဟာ တကယ်ရှက်စရာ ကောင်းတဲ့လုပ်ရပ် ဖြစ်ပါတယ်။

ရိုးရာယဉ်ကျေးမှုဟာ ပြောင်းလဲ ဖို့ခက်တယ်လို့ ဆရာတစ်ယောက်က ပြောပါတယ်။ နှစ်ပေါင်းများစွာ အရိုးစွဲ လာခဲ့တဲ့ အလှူလုပ်ရင် ခြိမ့်ခြိမ့်သဲစည်ကားမှ အလှူဒါနမြောက်တယ်ဆိုတဲ့ အယူအဆတွေနဲ့ ဘယ်လိုဖြစ်ဖြစ် ဒီတစ်ပွဲတော့ လုပ်လိုက်ပါဦးမယ်ဆို တာမျိုးလည်း တွေ့ရပါတယ်။ ဒါပေမယ့် အခုလို မိမိနဲ့ မိမိပတ်ဝန်းကျင်အတွက် အသက်အန္တရာယ် ကျရောက်နိုင်တဲ့ အခြေအနေမျိုးမှာ ယခင်က လုပ်နေကျ အတိုင်း ဆက်လုပ်သင့်ပါသလား။ စဉ်း စားကြဖို့ ကောင်းပါတယ်။

“ကာကွယ်မှုက အကောင်းဆုံးဆေး ကုသခြင်းဆိုတဲ့အတိုင်းပဲ လူစုလူဝေး အကြီးကြီးတွေ မလုပ်နဲ့။ သင်္ကြန်ပွဲတွေ မလုပ်နဲ့။ ရှင်လောင်းပွဲတွေ မလုပ်နဲ့၊ ရှင် လောင်းပွဲ မလုပ်ဘဲနဲ့ ရှင်ပြုလို့ရပါတယ်။ အများက အပြင်ကနေမြင်တဲ့ ရှင်လောင်း လှည့်တာတွေ၊ ခမ်းခမ်းနားနား လုပ်တာ တွေက သတိတရား ချွတ်ချော်တဲ့အချိန် မျိုးမှာဆိုရင် ပြိုင်ဆိုင်တဲ့အတွေး ဖြစ် တတ်ပါတယ်။ ရှင်လောင်းပွဲ မပါဘဲ ရှင်ပြုတာ ပိုပြီးတော့တောင် ကုသိုလ်ရ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပကာ သနတွေ မပါလို့ပါ”ဟု အောက်စဖို့ဒ် ဆရာတော်က မိန့်ကြားထားတာကို တွေ့ရတဲ့အခါ ဝမ်းမြောက်ဝမ်းသာ အကြိမ်ကြိမ် သာဓုခေါ်မိပါတယ်။

နိုင်ငံခြားကနေပြန်လာတဲ့ သူတွေ ကလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း စနစ်တကျ လိုက်နာ နေထိုင်သင့်ပါတယ်။ ပြန် ရောက်လာတာနဲ့ အရင်ကလိုမျိုးဆွေမျိုး တွေအိမ်လိုက်လည်တာ၊ အပျော်ခရီးထွက် တာမျိုးတွေ မလုပ်ဘဲ ကိုယ့်ဘာသာကိုယ် သီးသန့် ၁၄ ရက်နေရမယ်ဆိုတဲ့အချက် ကို တိတိကျကျလိုက်နာဖို့ အရေးကြီး ပါတယ်။ တကယ်ဆို အိမ်မှာ မဟုတ်ဘဲ သီးသန့်နေရာတစ်ခုမှာ တစ်ယောက် တစ်ခန်းဆီ ၁၄ ရက် နေနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် လက်ရှိ အခြေအနေအရ အိမ်မှာပဲ သီးသန့်နေဖို့ ညွှန်ကြားနေတာ တွေ့ရပါတယ်။

အိမ်မှာသီးသန့်နေဖို့ ဘယ်လိုညွှန် ကြားထားပါစေ။ ကိုယ့်အိမ်ကနေ ဘယ်မှမသွားဘူးဆိုရင်တောင် အိမ်သူ အိမ်သားတွေနဲ့ ကင်းအောင်နေနိုင်ဖို့ အတော်ခဲယဉ်းတာကို တွေ့ရပါတယ်။ တချို့ဆို ပြန်ရောက်လာရင် သက်ဆိုင် ရာကို အကြောင်းမကြားဘဲ ဘာသိဘာသာ နေနေတာတွေလည်း ရှိပါတယ်။

ထိုင်းကပြန်လာသူ တချို့ကတော့ နယ်စပ်ဖြတ်ကျော်လာတဲ့အချိန်မှာ ကိုယ်အပူချိန်တိုင်းတာလို့ ကိုယ်အပူချိန် ပုံမှန်ဖြစ်နေတာကိုပဲ ရောဂါစစ်ပြီးသား၊ ရောဂါကင်းလို့နယ်စပ်ကဖြတ်ခွင့်ရတာလို့ ထင်နေကြတာတွေကိုလည်း တွေ့ရပါ တယ်။ ဒီအခြေအနေကို ကြည့်မယ်ဆိုရင် ဒီရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေ အသိပညာ၊ သတင်းအချက်အလက် ရရှိမှုနဲ့ ဒီရောဂါရဲ့ အန္တရာယ်အကျိုးဆက် ဘယ်လောက်အထိ ရှိတယ်ဆိုတာ အတွင်းကျကျ သိရှိမှုအားနည်းနေတာ ကြောင့်လည်း ကြောက်သင့်တဲ့နေရာမှာ မကြောက်တာများလား။

အချို့က သံသယလူနာအဖြစ်နဲ့ စောင့်ကြည့်ခံရရင် ရှက်လို့ ထွက်ပြေး ကြတာလည်း ကြားနေရပါတယ်။ ဒါတွေက မရှက်သင့်တဲ့နေရာမှာ မှားယွင်း စွာ ရှက်နေမိတာပါ။ သံသယလူနာ ပဲဖြစ်ဖြစ်၊ စောင့်ကြည့်လူနာပဲဖြစ်ဖြစ် ရှက်စရာ မဟုတ်ပါဘူး။ ကျန်းမာရေးဌာန ရဲ့ လမ်းညွှန်မှုအတိုင်း စောစောစီးစီး သီးသန့်နေလိုက်တာက ကိုယ့်မိသားစု အကျိုး၊ ကိုယ့်ပတ်ဝန်းကျင်ရဲ့ အကျိုးကို ဆောင်ရွက်ပြီးသား ဖြစ်ပါတယ်။

တချို့နိုင်ငံခြားပြန်တွေဟာ ကျန်းမာရေးစစ်ဆေးတဲ့ နေရာတွေကို ကိုယ်တိုင်သွားပြီး အစစ်ဆေးခံယူကြတာ ကို ကြားရတဲ့အခါ အဲဒီလိုလူတွေဟာ ကြောက်သင့်တာကိုကြောက်တဲ့ လူပီသ တဲ့ လူတွေပါလားလို့ အတုယူအားကျ မိပါတယ်။ ဒီလိုမျိုးစိတ်ဓာတ်ရှိတဲ့သူ တွေကသာ ကိုယ့်မိသားစုအကျိုး၊ ကိုယ့် ပတ်ဝန်းကျင်အကျိုးနဲ့ လောကအကျိုးကို ဆောင်ရွက်နိုင်သူတွေ ဖြစ်ကြပါတယ်။

လူ့ဘ၀ဟာ ရခဲလှတယ်လို့ မြတ်စွာ ဘုရားက ဟောကြားထားပါတယ်။ ရခဲလှတဲ့ လူ့ဘ၀ကို ဥာဏ်ပညာနဲ့ယှဉ်ပြီး တန်ဖိုးရှိရှိ ဘယ်လိုနေထိုင် ဖြတ်သန်း သွားကြတယ်ဆိုတာ လူတစ်ဦးချင်းဆီရဲ့ သမိုင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရခဲလှ တဲ့လူ့ဘ၀ကို တန်ဖိုးရှိရှိဖြတ်သန်းနိုင် ဖို့အတွက် ရှက်သင့်တဲ့နေရာမှာရှက်ပြီး၊ ကြောက်သင့်တဲ့နေရာမှာ ကြောက်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ။

နီမာဦး(အံဒင်)

ကြော်ငြာဝန်ဆောင်မှု