ဗြိတိန်မှာ ကိုရိုနာကို ရင်ဆိုင်ကြပုံ

0
316

ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ သားတွေ နိုင်ငံရပ်ခြားကနေ မြန်မာ ပြည်ကို အသီးသီး ပြန်လာနေကြတာ တွေ့ရတယ်။ အဓိကအားဖြင့် ထိုင်း နိုင်ငံမှာ အလုပ်တွေ ရပ်ကုန်လို့၊ သင်္ကြန် နားနီးလို့စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ပြန်လာကြတာပါ။ အရေးပေါ် အခြေ အနေမှာ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံသား တွေကို ပြန်ဖို့ ခေါ်ကြတာလည်း တွေ့ရ ပါတယ်။ ကနဦးတုန်းက မြန်မာနိုင်ငံမှာ တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ ဗိုင်းရပ်ပိုးကူးစက်တဲ့သူကို မတွေ့ရလို့ ရင်အေးနေရာက အခုပိုးကူးစက်သူ ၅ ဦးအထိ စတွေ့လာလို့ အကုန်ဗျာများရတဲ့ အခြေအနေပါ။

မြန်မာနိုင်ငံမှာ မတ် ၂၆ ရက်နေ့ည အထိ ပိုးတွေ့သူ ငါးဦးပဲ ရှိသေးပြီး သေဆုံး သူ မရှိသေးပါဘူး။ ဗြိတိန်မှာတော့ ပိုးတွေ့သူ ၁၁၆၅၈ ဦးရှိပြီး ၅၇၈ ဦး သေဆုံးပြီး ဖြစ်ပါတယ်။

စိတ်သာပူနေကြတာ။ ကနေ့အချိန် ထိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ထုတ်ပြန်ထားတဲ့ အကြံပေးချက်တွေကို လိုက်နာတဲ့နေရာမှာ အားနည်းချက် တွေ တွေ့ရပါတယ်။ နိုင်ငံတကာမှာ လူတွေ ထောင်ချီသေတဲ့အထိ ဖြစ်နေ ချိန်မှာ၊ ပိုးမတွေ့ခင် တစ်ရက်အထိ ရန်ကုန်မှာ နေတဲ့သူတွေလည်း စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေကို သွားမြဲတွေ့ရသလို နယ်ဘက်၊ ကျေးရွာဘက်မှာဆိုရင်လည်း ရှင်ပြု ရာသီ၊ မင်္ဂလာဆောင် ရာသီဖြစ် တဲ့အတွက် လူမှုရေးကြောင့် မဖြစ်မနေ သွားနေကြတာတွေ တွေ့နေရပါတယ်။

ဒီရောဂါဟာ ချက်ချင်းကူး ချက် ချင်း ရောဂါလက္ခဏာ ပေါ်တာမျိုး မဟုတ်ပါဘူး။ လက္ခဏာမပေါ်မီလည်း အခြားသူတွေဆီကို ကူးနိုင်ပါတယ်။ ကူးလည်း ကူးပါတယ်။ ပြီးတော့မှ နောက်မှ အစုလိုက်အပြုံလိုက် ရောဂါ လက္ခဏာ ပြတာမျိုးလည်း ဖြစ်နိုင်ပါ တယ်။ ဒီတော့ ရောဂါပိုးမတွေ့လို့၊ ရောဂါလက္ခဏာမပြလို့ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား မလုပ်သင့်ပါဘူး။ နောက်မှ အစုလိုက် အပြုံလိုက် ဖြစ်လာရင် အစိုးရ ကလည်း မနိုင်တော့ပါဘူး။ ဘယ်သူတွေ ဘယ်လိုကယ်ကယ် မနိုင်တော့ပါဘူး။

ဒီတော့ အခုကျွန်မရောက်နေတဲ့ ဗြိတိန်နိုင်ငံက အများပြည်သူများ လိုက်နာ ကြတဲ့ ပုံစံကိုပဲ ဥပမာအနေနဲ့ ပြောပြ ချင်ပါတယ်။ ဒီမှာ ရောဂါစကူးစက်တဲ့ အချိန်က မတ်လဆန်းလောက် ဖြစ်ပါ တယ်။ အဲလိုဖြစ်လာတာနဲ့ ကျောင်းတွေ အားလုံးက ကျောင်းသားတွေကို အတန်း ကို မလာစေတော့ဘဲ အဝေးက သင်ကြား နည်းကို ပြောင်းကြပါတယ်။ ပြည်သူတွေ အများစုထဲမှာမှ ရောဂါကူးစက်နိုင်ချေ များတဲ့သူ၊ ကူးစက်လာရင် အန္တရာယ် အဆင့် အခြေအနေထိ ရောက်နိုင်တဲ့သူ (သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူ) များကို နေအိမ်ထဲမှာပဲ ၁၂ ပတ် (၃ လ) သီးသန့်နေစေပါတယ်။ ဗြိတိန်ပြည်သူ များကလည်း ရောဂါကူးစက်နှုန်း မြန်လာ တဲ့အချိန်မှာ ကြောက်လန့်ကြပြီး အား ဖြည့်ဆေးတွေ ဝယ်စုတာတွေ၊ အစား သောက်တွေ ဝယ်စုတာတွေ လုပ်လာ ကြပါတယ်။

အခု ကျွန်မနေတဲ့ အင်္ဂလန် တောင် ပိုင်းစွန်း၊ ဒယ်ဗွန်ခရိုင်၊ တောနက်မြို့က ကံကောင်းတာတခုက ဒေသတွင်း ကိုယ် တိုင် စိုက်ကြတဲ့ အော်ဂဲနစ် အသီးအရွက် စိုက်ခင်းတွေ ပေါပါတယ်။ အစကတော့ လူတွေဝယ်စုကြပေမယ့် ပစ္စည်းမပြတ်နိုင်တာကို တွေ့တဲ့အခါ လူတွေလည်း အလျှံပယ်ဝယ်စုတာတွေ အနည်းကျဉ်း လျော့သွားပါတယ်။ လူတွေက ကျန်းမာ ရေးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို တလေးတစား လိုက်နာကြတာရော၊ သန့် ရှင်းရေး ဗဟုသုတ အမြင်ပါ ရှိကြတဲ့ အတွက် လတ်တလောမှာ အများသုံး ဘတ်ကားစီးတာတွေ မရှိသလောက် ဖြစ်သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက် မလွှဲသာလို့ တွေ့ရမယ်ဆိုရင် ၃ ပေ အကွာလောက်ကနေ နေကြတယ်။

ဈေးဝယ်တဲ့အခါ ဟင်းသီးဟင်းရွက် စတိုးဆိုင်တွေက တစ်ခါသုံးလက်အိတ်တွေ ထားပေးထားတယ်။ စူပါမားကတ် အကြီးတွေကတော့ ပုံမှန်ရောင်းပေမယ့် ပစ္စည်းတွေ ပြန်မဖြည့်နိုင်တဲ့အတွက် နေ့ခင်း ၁ နာရီလောက်နားပြီး ပစ္စည်း ပြန်ဖြည့်ကြတယ်။

ဈေးဝယ်သူတွေက လည်း တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေလောက်အကွာကနေပဲ ပစ္စည်းတွေ ဝယ်ကြတယ်။ ဈေးဝယ်တဲ့ အခါ ငွေသားပိုက်ဆံကို မသုံးစေတော့ဘဲ ဘဏ်ကတ်နဲ့ပဲ ရှင်းစေတယ်။ (မြန်မာ ပြည်မှာတော့ မလွယ်သေးတဲ့ အခြေ အနေပါ)

ကိုယ်ယူထားတဲ့ပစ္စည်းကို ကိုယ့် ဘာသာ ဘားကုတ်ဖတ်တာ၊ စာရင်းမှတ် တာ လုပ်စေတယ်။ အင်တာနက်ကနေ ပစ္စည်းမှာလို့ လာပို့သူကလည်း ပစ္စည်း ကို အိမ်ရှေ့မှာ ထားခဲ့တာမျိုး စတာတွေ ကို စီးပွားရေး လုပ်ငန်းအလိုက် သင့် လျော်သလို လုပ်ကြတယ်။ ကော်ဖီဆိုင် တွေဆိုရင် ဆိုင်မှာသောက်တာကို ပိတ် လိုက်ပြီး ပါဆယ်ဆွဲလို့ရတဲ့ ကိတ်မုန့်၊ ပေါင်မုန့်စတာတွေကိုပဲ လာဝယ်စေတာ မျိုး လုပ်စေတယ်။ ဒီလိုတွေလုပ်လို့ စီးပွားရေးလုပ်ငန်းတွေက မထိခိုက်ဘူး လားဆိုရင် ထိခိုက်ပါတယ်။ ဆိုင်မှာ လုပ်နေတဲ့ စားပွဲထိုးတွေ၊ နေ့စားတွေ၊ အစားအသောက် စီးပွားရေးမဟုတ်တဲ့ စီးပွားရေး လုပ်ငန်းအကုန်လုံး ထိခိုက် ပါတယ်။ တောနက်လို နယ်မြို့က စီးပွားရေး အသေးစားတွေက ပိုထိခိုက် ပါတယ်။ ဒါပေမယ့် အသီးသီးက အားလုံးရဲ့ ကျန်းမာရေးကို အဓိကထား ပြီး သင်တန်းတွေ ရွှေ့ဆိုင်းတာတွေ၊ ပိတ်တာတွေ၊ ဆိုင်တွေ ပိတ်တာတွေ လုပ်ကြရပါတယ်။ ဒါကြောင့်လည်း အင်္ဂလန် တစ်နိုင်ငံလုံးမှာ အထူးသဖြင့် လန်ဒန်လို လူဦးရေ ထူထပ်တဲ့ နေရာတွေ မှာ ကူးစက်နှုန်းမြန်နေပေမယ့် ဒီဘက်မှာ တော့ အဲလောက် မမြန်ပါဘူး။

နှာစေး၊ ချောင်းဆိုးလောက် ဖြစ်တဲ့ သူတွေက self-isolation ဆိုတဲ့ မိမိ ဘာသာ သီးသန့်နေတာကို တလေး တစားလုပ်ကြတယ်။ အဲလို လက္ခဏာ ပြလာပြီဆိုတာနဲ့ နီးစပ်ရာ မိမိအလုပ်က သူတွေ၊ ဆရာဆိုရင် ကျောင်းသားတွေကို အသိပေးကြတယ်။ အဲလို ယုံကြည်မှုတစ်ခု ရှိတဲ့အတွက် လူတွေက နားလည်ကြပြီး ရှုတ်ချတာမျိုး မလုပ်ကြဘူး။

အဲဒီလို သီးသန့်နေကြသူတွေကို လိုအပ်တဲ့ ဈေးဝယ်ထွက်ပေးခြင်း၊ အစား အသောက်ကူချက်ပေးခြင်း၊ တချို့က လည်း လိုလောက်မယ့်ထင်တဲ့ ပစ္စည်း တွေကို ဝေပေးတာတွေ လုပ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ် ဆက်တာ၊ ဖက်တာတွေကို ရှောင်ကြ တယ်။ အဆောက်အအုံတခုထဲ ဝင်တိုင်း၊ ဥပမာ အိမ်ထဲကို အပြင်ကပြန်လာတဲ့ အခါ လက်တန်းဆေးတာ၊ အိမ်ကနေ အပြင်ထွက်တဲ့အခါ လက်ဆေးတာ၊ အစာမစားခင်၊ စားပြီး၊ အိမ်သာတက်အပြီး လက်ဆေးတာတွေ လုပ်ကြတယ်။ အများ စားသောက်ဖို့ အစားအသောက်ပြင်ဆင် တဲ့အခါ မီးဖိုချောင်ထဲ မဝင်ခင် လက်ဆေး တာ၊ လက်အိတ်သုံးတာ၊ အစားသောက် ကို လက်အိတ်သုံးပြီး ထည့်ပေးတာ၊ အများသုံး ဇွန်း မထားစေတာတွေ လုပ် ကြတယ်။

လက္ခဏာပြတဲ့သူတွေကို ကျန်းမာ ရေးဌာနက ဆေးရုံတွေကို မလာစေပါဘူး။ အရေးပေါ် ဖုန်းလိုင်းတွေ ထားထားပြီး အဲကနေ ဘာလုပ်သင့်တယ်ဆိုတာတွေ အကြံပေးပါတယ်။ အရင်ဆုံး ကိုယ့် ဘာသာ သီးသန့် ၁၄ ရက်နေစေပြီး မသက်သာပါက ပိုးစစ်ဖို့ နမူနာကို ကား နဲ့ ဆေးရုံရှေ့ကို လာစေပါတယ်။ ကား ပေါ်က မဆင်းစေဘဲ နမူနာကို ယူပါ တယ်။ ပြီးရင် အိမ်ပြန်ခိုင်းပါတယ်။ ဘာကြောင့်လည်းဆိုလည်း လူထူထပ်တဲ့ နေရာတိုင်း၊ ဆေးရုံ၊ ဆေးခန်းတွေ ဆိုတာက ရောဂါအပြန့်ပွားလွယ်ဆုံးနေရာမို့လို့ပါ။

ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ ဗြိတိန် အစိုးရက ရောဂါပြန့်ပွားမှုကို ထိန်းချုပ် နိုင်ဖို့ ပြည်သူတွေအားလုံးကို အိမ်မှာပဲ နေဖို့ ထုတ်ပြန်လိုက်ပါတယ်။ အစား အသောက်နဲ့ အခြေခံ ထုတ်ကုန် (တခြား အဝတ်အထည်၊ အသုံးဆောင်မပါ) ဝယ်ဖို့ လိုအပ်ရင်တော့ အပြင်ထွက် ခွင့်ရှိပြီး တစ်နေ့ကိုတစ်ကြိမ် လေ့ကျင့် ခန်းလုပ်ဖို့ (လမ်းလျှောက်ထွက်တာ၊ စက်ဘီးစီးထွက်တာ၊ ပြေးတာ)တွေ လုပ်ခွင့် ပေးထားပါတယ်။

ကျန်းမာရေးအရ လိုအပ်လို့နဲ့ အိမ်မှာ လုပ်လို့မရတဲ့ မဖြစ်မနေ အလုပ်သွားလုပ် ရမယ့် သူများကိုသာ ထွက်ခွင့်ပေးထားပါ တယ်။ မလိုအပ်ဘဲ အပြင်ထွက်သူများကို ရဲက စစ်ဆေးခွင့်ရှိပြီး ဒဏ်ငွေပါ တပ်ခွင့် ရှိပါတယ်။ လူ နှစ်ဦးထက်ပိုစုခွင့် မရှိဘဲ မိတ်ဆွေများနဲ့ တွေ့ဆုံခြင်း၊ တခြား တနေရာမှာ နေထိုင်တဲ့ မိသားစုဝင်များနဲ့ တွေ့ဆုံခြင်းလည်း ခွင့်မပြုတော့ပါဘူး။ ဈေးဝယ်တဲ့အခါ စူပါမားကတ်တွေက လူတစ်ဦးနဲ့ တစ်ဦး ၂ မီတာ (၆ ပေ) အကွာကနေ နေခိုင်းပြီး ဝယ်ယူခိုင်းပါ တယ်။ ရောဂါလက္ခဏာ မပြနေရင်တောင် ဗိုင်းရပ်စ်ကို သူတစ်ပါးဆီ ပြန့်ပွားနိုင် စေတဲ့အတွက် အိမ်မှာနေခြင်းနဲ့ လူအများ နဲ့ အဝေးကနေ နေခြင်းကို သိသိသာသာ အားပေးထားပါတယ်။

အစိုးရထုတ်ပြန်ချက် ထွက်လာ တာနဲ့ တစ်ပြိုင်နက် လမ်းပေါ်မှာ လူတွေ သိသိသာသာ ရှင်းသွားပါတယ်။ ကား တွေ အသွားအလာ မရှိသလောက် ဖြစ် သွားတယ်။ တစ်ရက်တစ်ကြိမ် လမ်း လျှောက်ထွက်သူတွေလည်း လမ်းမှာဆုံ မိရင် ၃ ပေလောက် ရှောင်ကွင်းသွား ကြတယ်။

ကျွန်မတို့ နေတဲ့ကျောင်းမှာ တော့ အပြင်လူ လာခွင့်မပေးတော့ဘဲ အပြင်ကနေ အလုပ်လာရတဲ့သူတွေက ကျွန်မတို့နဲ့ ၃ ပေအကွာလောက်မှာ နေရပါတယ်။ အများသုံးကျောင်း မီးဖို ချောင်မှာ အများဆုံး လူ ၃ ယောက်ပဲ နေခွင့်ပေးပြီး အစားအသောက်မစားခင်၊ အဆောက်အအုံထဲ မဝင်ခင်၊ ဝင်ပြီး လက်ဆေးရပါတယ်။ အများသုံး တံခါး လက်ကိုင်တွေကို ဆေးဖျန်းတာ၊ အများ သုံးအိမ်သာတွေကို ဆေးဖျန်းတာတွေ လုပ်ရပါတယ်။

အခုပြောပြနေတဲ့ အရာတွေထဲက တချို့အရာတွေကတော့ လိုက်လုပ်ဖို့ လွယ်လိမ့်မယ် ထင်ပါတယ်။ ကိုယ်မထိန်း ချုပ်နိုင်တဲ့ အရာတွေထက် နိုင်ငံတကာက ပြန်လာသူတွေကို အစိုးရက စုထားမယ် ဆိုရင် ကျွန်မတို့ အသီးသီးက ကိုယ့် ကျန်းမာရေးတာဝန် ကိုယ်ယူတဲ့အနေနဲ့ အပြင်ကို တတ်နိုင်သလောက် မထွက် သင့်ပါဘူး။ အစားအသောက် ဝယ်စုလို့ ဈေးကွက်ထဲ ပစ္စည်း မလုံလောက်တာ၊ ပြတ်တောက်တာတွေကို သက်ဆိုင်ရာ နယ်အသီးသီးအလိုက်က ကုန်သည် တွေက စီမံပေးရပါမယ်။ အစိုးရ တာဝန် ရှိသူတွေရဲ့ ကြီးကြပ်မှုလည်း လိုပါတယ်။

အသိသတိကြီးမှသာ သက်သာရာ ရမှာပါ။ ပိုးရဲ့ သဘောသဘာ၀အရ မြန်မာပြည်မှာလည်း အတိုင်းအတာ တခုထိ ပြန့်ပွားကြမှာပါပဲ၊ ကျွန်မတို့ တိုင်းပြည်ရဲ့ ကျန်းမာရေးစနစ်ကို ငဲ့ညှာ သောအားဖြင့် ကိုယ့်ကြောင့် တပါးသူ မကူးရအောင်၊ အစိုးရနဲ့ ပြည်သူလူထု ဝန်ထုတ်ဝန်ပိုး မဖြစ်အောင်၊ ကိုယ်သည် လည်း ဝေဒနာမခံစားရအောင် အပြင် မသွားခြင်းဖြင့်၊ လက်ဆေးခြင်းဖြင့် အများကြီး ကူညီနိုင်ပါတယ်။

ရင်စနိုင်း

ကိုးကား

https://www.who.int/emergencies/diseases/novel-coronavirus-2019/advice-for-public

https://www.gov.uk/guidance/coronavirus-covid-19-information-for-the-public

ကြော်ငြာဝန်ဆောင်မှု