မြိတ်တွင် ကုန်ပစ္စည်း အလွန်အကျွံ ဝယ်မစုရန် စည်းရုံးလှုံ့ဆော်

0
355

ပြည်သူများအနေနှင့် ကုန်ပစ္စည်းများအား အလွန်အကျွံဝယ်ယူစုဆောင်းခြင်း မပြုလုပ်ရန်မြိတ်ခရိုင်ကျောင်းသားများသမဂ္ဂက မတ်လ၂၄ရက်က စည်းရုံးလှုံ့ဆော်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။


မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နှစ်ဦးရှိနေကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၂၃ရက်တွင် သတင်းထုတ်ပြန်ပြီးနောက် အရောင်းဆိုင်များနှင့်ကုန်စုံပစ္စည်းအရောင်းဆိုင်တို့တွင် အပြေးအလွှားဝယ်ယူမှုများ ရှိနေခဲ့သည်။


“အခြေခံလူတန်းစားတွေကို ငဲ့ညှာတဲ့အနေနဲ့ အများကြီးဝယ်မသိုထားဖို့အတွက် လုပ်တဲ့သဘောပါ”ဟု မြိတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုပြည့်မင်းခန့် က ပြောသည်။


အဆိုပါစည်းရုံးလှုံ့ဆော်ပွဲတွင် “လိုသလောက်ပဲဝယ်ပြီး လူသားဆန်ကြရအောင်လား”၊“သင်၏အလွန်အကျွံဝယ် ယူစုဆောင်းမှုကြောင့် ငတ်သေမယ့်ဘဝကို တွေးခေါ်ပေးပါ”၊ “အရာရာတိုင်းကို အခြေခံလူတန်းစားများနှင့် မျှဝေသုံးစွဲခွင့်ရှိသည်”၊“ဝယ်မသိုနိုင်တဲ့အခါ ရောဂါမကူးခင် ငတ်သေကြရမှာလား”၊ “သင်၏ အလွန်အကျွံဝယ်ယူမှုကို ဆင်ခြင်ပါ”၊ “တိုးတက်နေတဲ့ကုန်ဈေးနှုန်းတွေရယ် တစ်ခုခုကို ငွေကြေးမတတ်နိုင်တဲ့ကျွန်တော်တို့မိသားစုရယ်”စသည့် နှိုးဆော်စာသားများပါ နံရံကပ်စာစောင်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အသိပေးနှိုးဆော်စာသားများပါနံရံ ကပ်စာစောင်တို့အား ဆန်အရောင်းဆိုင်များ၊ ဈေးဝယ်စင်တာများနှင့် လူသွားလာများသည့်နေရာတို့တွင် လိုက်လံကပ်ပေးခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပြည့်မင်းခန့်က ပြောပြသည်။