မြိတ်ရွာတစ်ရွာတွင် တစ်အိမ်တစ်အိတ်နှုန်းဖြင့် ရွာလုံးကျွတ်ဆန်လှူ

0
1501

အိမ်တစ်ဆောင်လျှင် ဆန်တစ်အိတ်နှုန်းဖြင့် မြိတ်ရှိကျေးရွာတစ်ရွာတွင် ရွာလုံးကျွတ်ဆန်များ လှူဒါန်းခဲ့ကြောင်း ရွာသားများနှင့် ကျေးရွာရာအိမ်မှူးထံမှ သိရသည်။


အိမ်ခြေနှစ်ရာနီးပါးရှိသည့် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ မြကမ်းသာကျေးရွာတစ်ရွာလုံးအား သဲကျောက်လုပ်ငန်းရှင်ဦးဆန်းအောင်နှင့် ဒေါ်အေးအေးမူ မိသားစုက မတ်လ၂၇ရက်တွင် မြကမ်းသာဘုန်းတော်ကြီးကျောင်း၌ လာရောက်လှူဒါန်းခဲ့ကြောင်း ယင်းကျေးရွာ ရာအိမ်မှူးဦးအောင်ဆန်းက ပြောကြားသည်။


မြကမ်းသာကျေးရွာနေ ရွာသားအများစုသည် ကျပန်းအလုပ်သမားများဖြစ်ကြပြီး လတ်တလောတွင်အလုပ် အကိုင်ပုံမှန်မလုပ်ကိုင်ကြရဘဲ စားဝတ်နေရေးအခက်အခဲကြုံနေရသည့် မိသားစုအများအပြားရှိနေသည်ဟု ၎င်းက ပြောပြသည်။


“သူများတွေ ဆန်ပြေးဝယ်ကြတယ်။ ဒီရွာကလူတွေက သူများလိုမဝယ်နိုင်ကြဘူး။ ဒါကိုမြင်လို့ အလှူရှင်ကလာ လှူခဲ့တာ”ဟု ဦးအောင်ဆန်းက ပြောသည်။


လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာရောဂါပိုးဂယက်ကြောင့် ရွာသားအများစု စားဝတ်နေရေး အကျပ်အတည်းမဖြစ်အောင် တတ်နိုင်သလောက် လှူဒါန်းခြင်းဖြစ်ကြောင်း အလှူရှင် ဒေါ်အေးအေးမူက ပြောသည်။


မြကမ်းသာကျေးရွာတွင်အိမ်ခြေ ၁၆၇ အိမ်နှင့် လူဦးရေ ၈၀ဝနီးပါးနေထိုင်ကာ လယ်၊ တံငါနှင့် ရွာသားအများစုမှာ ကျပန်းအလုပ်များ လုပ်ကိုင်ကြကြောင်းသိရသည်။

ကိုဆန်း