ကိုရိုနာဗိုင်းရပ်စ် ရှိသူ ၄ ဦး ထပ်တိုး ၊ စုစုပေါင်း ၁၄ ဦး ရှိပြီ

0
342

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် အပြည့်အစုံ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၅:၁၅) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၅)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၁) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၂။ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (Case-08) (ဧည့်လမ်းညွှန်) ၏ ရောဂါဖြစ်ပွားမှု ရာဇဝင်စစ်ဆေးချက်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် (၄)ဦးအား (၂၈-၃-၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ပြီး (၂၉-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ (၄)ဦး အနက် (၃)ဦး (Case-11)၊ (Case-12) နှင့် Case-13) တို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် ၎င်းတို့ (၃)ဦးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူစေမည် ဖြစ်ပါသည်။ အဆိုပါ (၃)ဦးတွင် လက်ရှိအခြေအနေအရ ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရပါ။

၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-14) သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် တွင် နေထိုင်သော အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး (၂၅-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ တာချီလိတ် မြို့တွင် (၂)ညတာတည်းခိုနေထိုင်ခဲ့ပါသည်။ (၂၇-၃-၂၀၂၀)ရက်နေ့၊ ညနေတွင် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့ပါသည်။ (၂၈-၃-၂၀၂၀) ရက်နေ့တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ကျောက်မဲမြို့သို့ (၂၈-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် လာရောက်ပြသခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ၍ ဆေးကု သမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ လူနာ၏ လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၄။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူလူထု အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါ သည်။