မွန်ပြည်နယ်တစ်ခုလုံးအတွက် ခြောက်လစာ ဆန်အလုံအလောက်ရှိ

0
471

မွန်ပြည်နယ်တွင် ဆန်တန်ချိန်လေးသောင်းခန့်ရှိနေပြီး ပြည်နယ်တစ်ခုလုံးအတွက် အလုံအလောက်ရှိနေသည်ဟု မွန်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှူးက ပြောသည်။


လတ်တလော ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ပြည်နယ်အတွင်း ဆန်အလုအယက်ဝယ်ယူနေခြင်းနှင့် ဆန်ပြတ်လပ်မည်ကို စိုးရိမ်မှုရှိနေကြသည့် အပေါ် မွန်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။


“ဆန်အနေနဲ့က ရယူထားတဲ့ စာရင်းအရ ဆန်ရောင်းဝယ်တဲ့ပွဲရုံတွေနဲ့ ဆန်စက်လုပ်ငန်းရှင်များအသင်းမှာ လက်ရှိတန်ချိန် လေးသောင်းလောက်ရှိနေတယ်။ မွန်ပြည်နယ်မှာ ဆန်တန်ချိန် လေးသောင်းလောက်ရှိနေတော့ ဖူလုံမှုရှိတဲ့အပြင် ပိုတောင်ပိုနေတဲ့ အနေအထား ပါ”ဟု ဦးခင်အောင်သွင်က ပြောသည်။


မွန်ပြည်နယ်အတွင်း လက်ရှိရှိနေသည့် ဆန်တန်ချိန်လေးသောင်းသည် တစ်ပြည်နယ်လုံးအတွက် အနည်းဆုံး ၆ခန့်ထိလုံလောက်နိုင်သည်ဟုလည်း မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောသည်။


၎င်းပြင် နိုင်ငံတော်မှာလည်း အရန်ဆန်များရှိပြီး လိုအပ်လျှင် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြပြီး အရန်ဆန်များမှထပ်ဆင့်သိုလှောင်ပြီး ပြည်သူလူထုအား ရောင်းချပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။


မွန်ပြည်သူလူထုများအနေနှင့် ဆန်ပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းတက် မည့်အပေါ် မစိုးရိမ်ကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့ကလည်း တိုက်တွန်းထားသည်။


“စိုးရိမ်ပြီးကုန်ပစ္စည်း ဝယ်လှောင်တာတို့ ဘာတို့က ဆောင်ရွက်စရာ မလိုဘူးဆိုတဲ့ အနေအထားမျိုး ကျယ်ကျယ်ပြန့်ပြန့်သိအောင် ကျွန်တော်တို့ ကျန်းမာရေးရော အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအနေနဲ့ရော လက်ရှိမှာရပ်ကွက်မြို့နယ်တွေမှာ ဆောင်ရွက်နေတယ်။ သိပ်ပြီးတော့ စိုးရိမ်စရာမရှိဘူးဆိုတဲ့ဟာမျိုး တင်ပြလိုတယ်”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။


ဆန်အပါအဝင် ကုန်ပစ္စည်းများဈေးမတက်အောင်နှင့် ဈေးနှုန်းတည်တည်ငြိမ်အောင်လည်း မွန်ပြည်နယ် အစိုးရအဖွဲ့အနေနှင့် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောသည်။