နယ်စည်းမခြားအဖွဲ့ တနင်္သာရီတိုင်းတွင် အိတ်ခ်ျအိုင်ဗွီလူနာ အသစ်လက်ခံခြင်းရပ်နား

0
4224

တနင်္သာရီတိုင်းတွင် HIV လူနာများကို ကုသပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) အနေဖြင့် လူနာအသစ်များကို လက်မခံတော့ကြောင်း စုံစမ်းသိရှိရသည်။

HIV လူနာများအားလုံးကို ပြည့်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ National AISD Program သို့ လွှဲပြောင်းပေးနေသောကြောင့် လူနာအသစ် လက်မခံတော့ခြင်းဖြစ်သည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့အနေဖြင့် HIV လူနာများကို National AIDS Program သို့ နှစ်စဉ် တစ်သုတ်ပြီးတစ်သုတ် တစ်ဆင့်ချင်းလွှဲပြောင်းပေးလျက်ရှိပြီး HIV ရောဂါတိုက်ဖျက်ရေးတွင် မိတ်ဖက်ကျန်းမာရေးအဖွဲ့အဖြစ်သာ ဆက်လက်ရပ်တည်သွားမည်ဟု သိရသည်။

“လူနာအသစ်တွေ ထပ်ဝင်နေရင် လွှဲပြောင်းလို့ပြီးနိုင်တော့မှာ မဟုတ်ဘူးလေ” ဟု MSF အဖွဲ့နှင့် လက်တွဲပြီး HIV ရောဂါတိုက်ဖျက်ရေးလုပ်ဆောင်နေသည့် အဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လူနာအဟောင်းများအနေဖြင့်မူ ၂၀၂၃ ခုနှစ် မတ်လမတိုင်မီအထိ MSF အဖွဲ့၏ ပုံမှန် ကျန်းမာရေးဝန်ဆောင်မှုကို ဆက်လက်ရရှိနေမည်ဖြစ်သည်။

ယင်းအတွက်‌ကြောင့် HIV လူနာအသစ်များအနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ချိတ်ဆက်ပြီး တိုက်ရိုက်ကုသမှုခံယူရမည်ဖြစ်သည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့သည် အရည်အသွေးတူညီသည့် ဆေးအမျိုးအစားကိုသုံးစွဲပြီး HIV လူနာများကို ကုသမှုပေးနေခြင်းဖြစ်သည်။

“တစ်ခုတော့ရှိတာပေါ့လေ။ ဆေးရုံတွေမှာကျတော့ ဝန်ထမ်းအင်အားနည်းတော့ လူနာတွေကို နှစ်သိမ့်ဆွေးနွေးပေးတဲ့နေရာမှာတော့ အခက်အခဲလေးနည်းနည်းရှိတယ်” ဟု ထားဝယ်ခရိုင်ရှိ HIV လူနာများကိုကူညီပေးနေသည့် အဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။

‌ဒေသအတွင်းရှိ HIV လူနာအသစ်များကို ရှာဖွေဖော်ထုတ်သည့်အပိုင်းတွင်လည်း ဆေးရုံများဘက်တွင်အားနည်းချက်ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြသဖြင့်လည်းကျန်းမာရေးကွန်ယက်မှာ ‌တိုင်းအတွင်း နေရာအများစုတွင် ပြတ်တောက်သွားခဲ့သည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင်ဖြစ်သည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကဲ့သို့သော အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း( INGO)၊ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း(NGO) တို့ကမူ လူထုထဲသို့ကွင်းဆင်းအသိပညာပေးခြင်း၊ သံသရရှိသူများအား သွေးစစ်ခြင်း စသည့်နည်းလမ်းများဖြင့် HIV လူနာအသစ်များကို ဖော်ထုတ်ကုသမှုပေးလေ့ရှိသည်။

နယ်စည်းမခြားဆရာဝန်များ အဖွဲ့အနေဖြင့် လူနာသစ်လက်ခံခြင်းကို ရပ်နားသော်လည်း အနာဂါတ်လင်းရောင်အဖွဲ့၊ ပြည်ကြီးခင်ခင်အဖွဲ့ တို့ကနေပြီး လူထုအတွင်း ကွင်းဆင်းလူနာသစ် ဖော်ထုတ်ခြင်းကိုဆောင်ရွက်ပြီး ပြည်သူ့ဆေးရုံဘက်သို့ လွှဲပြောင်း‌ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း အနာဂတ်အလင်းရောင်အဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“လူနာတွေအနေနဲ့ ဆေးသောက်ရာမှာဖြစ်ဖြစ် အခက်အခဲတစ်ခုခုရှိလို့ရှိရင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး အကူညီတောင်းခံလို့ရပါတယ်” ဟု ၎င်းကဆိုသည်။

အနာဂတ်လင်းရောင်အဖွဲ့သည် ထောင်ထဲအကျဉ်းကျခံနေရသည့်လူနာများ ART ဆေး ဆက်လက်သောက်ခွင့်ရရန် ကျန်းမာရေးဌာနနှင့် ပူးပေါင်းလုပ်ဆောင်လျက် ရှိသည်ဟုဆိုသည်။ အသေးစိတ်ကိုမသိရပေ။

ပြည်ကြီးခင်ခင်အဖွဲ့မှာ လိင်အလုပ်သမများနှင့်ပတ်သက်ပြီး ဆောင်ရွက်လျက်ရှိပြီး HIV ရောဂါနှင့်ပတ်သက်ပြီး အခြားကူညီပေးနေသည့်အဖွဲ့ တနင်္သာရီတိုင်းတွင် ၄ အဖွဲ့ထက်မနည်းရှိသည်။

လတ်တလော နယ်စည်းမခြားဆရာဝန်များအဖွဲ့က ကုသမှုပေးနေသည့် HIV လူနာ တနင်္သာရီတိုင်းတွင် ထောင်ဂဏန်းမျှရှိနိုင်ကြောင်း အနာဂတ်အလင်းရောင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပြောကြားသည်။

HIV လူနာများသည် သက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဌာန၊ အဖွဲ့တို့ထံသို့ တစ်နှစ်လျှင်အနည်းဆုံးတစ်ကြိမ် သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးမှုကို ခံယူကြရသည်။

HIV လူနာအချို့ကမူ ကျန်းမာရေးဌာနအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများကဲ့သို့ လူနာများအပေါ် အဆင်ပြေပြေဆက်ဆံပြီး ကျန်းမာရေးကိစ္စများကို တိုင်ပင်ဆွေးနွေးခွင့်မရမည်ကို စိုးရိမ်ကြောင်းပြောဆိုသည်။

“ဆေးရုံတွေကသိတဲ့အတိုင်းပဲလေ ဆူတာ၊ ဟောက်တာမျိုးရှိတော့ အဲဒါလေးပဲ နည်းနည်းစိတ်ပူတာပေါ့နော်၊ ကျန်တာတော့ သူ့ဟာနဲ့သူ အဆင်ပြေသွားမှာပါ” ဟု လောင်းလုံးမြို့နယ်က လူနာတစ်ဦးကဆိုသည်။

တနင်္သာရီတိုင်းတွင် တိုက်ပွဲများ၊ ပေါက်ကွဲမှုများ နေရာအနှံတွင်ဖြစ်ပေါ်နေသဖြင့် ART ဆေးထုတ်ယူရန်အတွက် လမ်းခရီးအခက်အခဲနှင့်လည်း အချို့လူနာများ ရင်ဆိုင်နေကြရသည်။