တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၃၀ ရက်၊ ညနေ ၆ နာရီခွဲ)

0
283

ထားဝယ်ရှိ သံသယလူနာ ရောဂါပိုး မတွေ့

ထားဝယ်ဆေးရုံ သီးသန့်အဆောင်တွင်ထားရှိကုသနေသည့် သံသယလူနာတွင် ကိုရိုနာရောဂါပိုးပိုးမတွေ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ဆိုသည်။

ယင်းဓာတ်ခွဲခန်းအဖြေကို ယနေ့ တွင် အကြောင်းပြန်ကြားလာကြောင်း ၎င်းက ပြောသည်။ ထားဝယ်မြို့နယ် ကျောက်ရပ်ကျေးရွာမှ အဆိုပါ သံသယလူနာက မတ်၂၄ ရက်တွင် ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီးနောက် ဝမ်းလျောပြီး ဖျားသည့်အတွက် ၂၈ ရက်နေ့တွင် ထားဝယ်ဆေးရုံကြီးရှိ သီးသန့်လူနာဆောင်တွင် စောင့်ကြည့်ကုသနေခြင်းဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု သံသယရှိသူလေးဦး၏ ဓာတ်ခွဲနမူများပေးပို့စစ်ဆေးခဲ့ပြီး အဆိုပါလေးဦးစလုံးတွင် ဗိုင်းရပ်စ်ပိုးမတွေ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။


စခန်းသွင်း စောင့်ကြည်သူ နှစ်ရက်အတွင်း ငါးရာ တိုး

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ နေအိမ်၊ ဘုန်တော်ကြီးကျောင်းနှင့် အခြားစောင့်ကြည့်ရေး စင်တာများတွင် စောင့်ကြည့်ခံနေရသော ပြန်တော်ပြန် ဦးရေ နှစ်ရက် အတွင်း ငါးရာ ကျော် တိုးလာကြောင်း အစိုးရ၏ စာရင်းဇယားများ အရ သိရသည်။

အဓိကအားဖြင့် နေအိမ်၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း များတွင် စောင့်ကြည့်ဦးရေ တိုးလာခြင်း ဖြစ်သည်။

မတ်လ ၂၈ ရက်နေ့က နေအိမ်တွင် ၂၉ ၆၆ ဦး၊ ဘုန်းကြီးကျောင်းတွင် ၁၈ ဦး စာသင်ကျောင်းတွင် ၂၅ ဦး ရှိရာမှ မတ် ၃၀ ရက်နေ့တွင် နေအိမ်တွင် ၃၃၅၂ ဦး၊ ဘုန်းကြီးကျောင်းတွင် ၄၄ ဦးနှင့် စာသင်ကျောင်းတွင် ၁၂၈ ဦး သို့ တိုးလာခဲ့သည်။ ဆေးရုံးတွင် စောင့်ကြည့်ခံရသူမှာ နှစ်ရက်အတွင်း ၇ ဦးမှ ၅ ဦး သို့ ကျဆင်းခဲ့သည်။


ဖျားနေသော နိုင်ငံခြားသား ထားဝယ်မှ ပြန်ပို့

ထားဝယ် အဝေးပြေးဝင်းသို့ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း ရောက်ရှိလာသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်တစ်ဦးမှာ ကိုယ်အပူချိန်မြင့်မားနေသဖြင့် ရန်ကုန်မြို့သို့ ပြန်ပို့လိုက်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ အင်္ဂလန်နိုင်ငံသားမှာ ကိုယ်အပူချိန် ၁၀၀ ဖာရင်ဟိုက် ရောက်နေသဖြင့် ထိုသို့ ပြန်ပို့လိုက်ရခြင်း ဖြစ်ကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းစင်းက ဆိုသည်။ ယင်းနှင့် အတူ အဖော်ပါလာသော နိုင်ငံခြားသူတစ်ဦးနှင့် အတူ ကားစင်းလုံးငှားကာ ပြန်ပို့လိုက်ခြင်း ဖြစ်သည်။

၎င်းတို့နှင့် အတူ အဝေးပြေးကားပေါ်တွင် လိုက်ပါလာသော ခရီးသည် ၁၈ ဦးကို ကိုယ်အပူချိန်စစ်ဆေးပြီး ဖုန်းနံပါတ်များမှတ်ကာ နေအိမ်သို့ ပြန်ခွင့်ပြုလိုက်သည်။


မြိတ်နှင့် တနင်္သာရီတွင် စားသောက်ဆိုင်များ ပါဆယ်သာရမည်

မြိတ်မြို့နှင့် တနင်္သာရီမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် သက်ဆိုင်ရာ မြို့နယ် စည်ပင်ကော်မတီတို့က အသီးသီး ထုတ်ပြန်ထားသည်။

ယင်းမတိုင်မီက မြိတ်မြို့ရှိ ဆိုင်အချို့တွင် ပါဆယ် စနစ်ဖြင့်သာ စတင်ရောင်းချနေနှင့်ပြီး ဖြစ်သည်။

အချို့ဆိုင်များမှာ အချိန်အကန့်အသတ်ဖြင့်သာ ရောင်းချနေကြသည်။


မြိတ်ရောက် နိုင်ငံခြားသား ၁၄ ရက်စခန်းသွင်း

မြိတ်မြို့သို့ မတ်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ရောက်ရှိလာသော နိုင်ငံခြားသား စုစုပေါင်း လေးဦးကို ၁၄ ရက် စောင့်ကြည့်ရေး စခန်းသွင်းလိုက်သည်။

အဝေးပြေးဝင်းသို့ ရောက်လာသော ပြင်သစ်နိုင်ငံသား နှစ်ဦးနှင့် ကနေဒါနိုင်ငံသား နှစ်ဦး၏ ကျန်းမာရေးကို စောင့်ကြည်ရန် အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်း စခန်းသွင်းစင်တာသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။


ဓာတ်ပုံ = ခရီးသည်တင်ကားများဖြင့် ထီးခီးနယ်စပ်မှ နေရပ်ပြန်လာသူများကို မတ်လ ၃၀ ရက် နေ့လည်ပိုင်းက ထားဝယ်မြို့ ဗျောတောဝဂိတ်တွင် စာရင်းကောက်ယူပြီး ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ခဲ့သည်။

ကိုဇော်