ကိုရိုနာဗိုင်းရပ်စ်ကိစ္စ အရေးပေါ်ရန်ပုံငွေမှ သုံးစွဲမည်

0
882

တနင်္သာရီတိုင်းဒေသကြီးအတွင်းကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပြည်ထောင်စုမှ သီးခြားချထားပေးသည့် အရေးပေါ် ရန်ပုံငွေ ၁ ဘီလီယံ (ကျပ်သိန်းပေါင်း တစ်သောင်း)ထဲမှ သုံးစွဲသွားမည်ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။


တိုင်းဒေသကြီး Corona Virus 2019 (Covid-19) အဆုတ်ရောင်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ကုသရေး ဦးဆောင်ကော်မတီမှတင်ပြချက်အပေါ်မူတည်၍ ထိုရန်ပုံငွေထဲမှသုံးစွဲသွား မည်ဟု ဦးမြင့်မောင်က ပြောကြားသည်။


“အစိုးရအဖွဲ့မှာတော့ သဘာဝဘေးနဲ့ပတ်သက်ပြီး ပြည်ထောင်စုချပေးထားတဲ့ တစ်ဘီလီယံ ရှိတယ်။ လိုအပ်ချက်ပေါ်မူတည်ပြီး သုံးမယ်။ ကော်မတီက တင်ပြတာတွေရှိတယ်။ ပြီးရင် နောက် တခြားလိုအပ်တဲ့နေရာမှာ လိုအပ်သလိုမျိုး သုံးသွားမယ်ပေါ့”ဟု ဦးမြင့်မောင်က ဆိုသည်။


အကယ်၍ ယင်းသဘာဝဘေး ရန်ပုံငွေဖြင့်မလုံလောက်ပါက ဗဟိုသို့ တင်ပြသွားမည်ဖြစ်ပြီး လက်ငင်းတွင်ထိုငွေကို အလုံးအရင်းဖြင့်သုံးစွဲနေခြင်းမျိုး မရှိသေးဟု ဦးမြင့်မောင်က မတ်လ၂၇ ရက် နံနက်ပိုင်းတွင် ပြောသည်။


“သုံးနေတာ မရှိသေးဘူးဆိုပေမယ့် ကော်မတီကတင်ထားတဲ့ဟာတွေနဲ့ ပတ်သက်ပြီး လိုအပ်တာတွေ နည်းနည်းပါးပါး သုံးတာတော့ ရှိမှာပေါ့” ဟု ဦးမြင့်မောင်က ပြောသည်။


တနင်္သာရီတိုင်းဒေသကြီး Corona Virus 2019 (Covid-19) အဆုတ်ရောင်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ် ကုသရေးဦးဆောင်ကော်မတီအနေဖြင့်တိုင်းအတွင်း ရောဂါကူးစက်မှုကာကွယ် ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးတို့အတွက် မည်သို့လုပ်ဆောင်မည်။ ယင်းအတွက် ရန်ပုံငွေမည်မျှကုန်ကျနိုင်သည်စသဖြင့် တွက်ချက်ထားပြီးသည်မျိုး။ လုပ်ဆောင်နေသည်မျိုးရှိ၊ မရှိကို ထားဝယ်ဖွံ့ဖြိုး ရေးအဖွဲ့(DDA)မှ ဒါရိုက်တာ ဦးသန့်ဇင်က မေးခွန်းထုတ်သည်။


“သုံးဖို့ရှိရင်လည်း မြန်မြန်သုံးပေါ့။အခုအခြေအနေကို အရေးပေါ်အခြေအနေလို့ ခေါ်တယ်။ သာမန်အချိန်မှာလုပ်နေကျ အစိုးရက လုပ်ထုံးလုပ်နည်းတွေလိုမျိုး အောက်ကတက်လာမှ အထက်ကဆုံးဖြတ်မယ်တို့၊ အထက်ကညွှန်ကြားမှ အောက်က အလုပ်လုပ်မယ်တို့ လုပ်နေလို့ မရဘူး။ ကိုယ့်အသိစိတ်နဲ့၊ လူစိတ်နဲ့ အလုပ်လုပ်ရတဲ့အချိန်ဖြစ်တယ်” ဟု ဦသန့်ဇင်က ဆိုသည်။
“လုပ်မတတ်ရင်ပြော။ ဘေးမှာ လုပ်တတ်သူတွေ တစ်ပုံကြီးပဲ။ ခုနက ကော်မတီက ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသဖို့အတွက်ဘာတွေပြင်ထားပြီးပြီလဲပေါ့။ ဒီခေါင်းစဉ်တွေအောက်မှာ။ အရင်းအမြစ် ဘယ်လောက်လုံလောက် နေပြီလဲပေါ့”


Corona Virus 2019 (Covid-19) အဆုတ်ရောင်ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအနေနှင့် တာဝန်ယူစိတ်မရှိဘဲ ဖြစ်နေသည်ကိုတွေ့ရပြီး မည့်သည့်လုပ်ငန်းမျှ အကောင်အထည်ဖော်သည်ကို မတွေ့ရသေးကြောင်း ဦးသန့်ဇင်က ပြောသည်။