မြိတ်မြို့ရှိ ကာရာအိုကေ၊ စင်တင်ဆိုင်များ ပိတ်ရမည်

0
481

မြိတ်မြို့ရှိ ကာရာအိုကေ(KTV)များ၊ စင်တင်တေးဂီတဆိုင်များနှင့် ကျန်းမာရေးစင်တာ Gym ဆိုင်များအား ဧပြီလ ၃၀ ရက်နေ့အထိ ပိတ်ထားရမည်ဖြစ်ကြောင်း မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မတ်လ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။


ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လိုက်နာရမည့်အချက် ငါးချက်ပါ အမိန့်စာအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ အချက်ငါးချက်တွင် အလုပ်ရုံဆွေးနွေးပွဲများ၊ အခမ်းအနားများ၊ ဘာသာရေးလူမှုရေးနှင့် ဆက်နွှယ်သည့် ကိစ္စရပ်များအား မကျင်းပရန်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသည့် အသိပေးနှိုးဆော်ချက်များအား တိကျစွာလိုက်နာ ရန် ရေးသားဖော်ပြထားသည်။


ထို့ပြင် မိမိပတ်ဝန်းကျင်ရှိ သံသယလူနာများနှင့် အခြားနိုင်ငံများမှ နေရပ်ပြန်လာသည့်သူများ တွေ့ရှိပါက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ရန်၊ တရားဥပဒေစိုးမိုးရေးအား ထိခိုက်ပျက်ပြားစေမည့် အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်း ကောလဟာလသတင်းများ ဖန်တီးဖြန့်ဝေခြင်းများ မပြုလုပ်ရန် ထုတ်ပြန်စာတွင် ပါရှိသည်။


အဆိုပါ ထုတ်ပြန်ချက်အရရက် အကန့်အသတ်မရှိ ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း မြိတ်မြို့ရှိ ကျန်းမာရေးစင်တာ Gym ဆိုင်ရှင်တစ်ဦးက ပြောပြသည်။


ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် တားမြစ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


ထို့ပြင် ပုလောမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကလည်း အထက်ပါ ထုတ်ပြန်ချက်ကဲ့သို့ မတ်လ ၂၄ ရက်က ထုတ်ပြန်ထားသည်။

မြင့်မိုရ်(မြိတ်)