အိန္ဒိယသုံးဘီး ဝယ်ပြီး ခြောက်လခန့်ကြာသည်အထိ ယာဉ်အထောက်အထား မရသေး

0
760

ထားဝယ်ဒေသရှိ BAJAJ အမျိုးအစား အိန္ဒိယသုံးဘီး ဝယ်ထားသူများ အချိန်ခြောက်လခန့် ကြာသည်အထိ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ မရသေးကြောင်း သုံးဘီးဆိုင်ကယ် ဝယ်ယူထားသူအချို့ထံမှ သိရသည်။


အဆိုပါအမျိုးအစားသုံးဘီးဆိုင်ကယ်ကို ဝယ်ယူထားပြီး လက်ရှိအချိန်ထိ အဝိုင်းနှင့် ယာဉ်ပိုင်ဆိုင်မှုစာအုပ် (အုံနာ ဘုတ်) မရသေးသည့်အတွက် လုပ်ငန်းလိုင်စင်လုပ်မရခြင်း၊ တာဝန်ရှိသူများ ဖမ်းဆီးမည်ကိုစိုးရိမ်နေရခြင်း စသည့် စိုးရိမ်မှုများရှိနေသည်ဟု ပြောဆိုကြသည်။


ယင်းအမျိုးအစား သုံးဘီးကိုဝယ်ယူထားသည်မှာ အချိန် ၅လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ယာဉ်အထောက်အထားမရသေးသဖြင့် ကုမ္ပဏီသို့သွားရောက်စုံစမ်းချိန်တွင်မှ မတ်လကုန်တွင်ရမည်ဟု ပြောဆိုကြောင်း သုံးဘီးပိုင်ရှင်တစ်ဦးဖြစ်သူ ကိုလှသိန်းက ဆိုသည်။
“ဝယ်ထားတာ ငါးလလောက်ရှိနေပြီဆိုတော့ ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ကို အလွဲသုံးစားလုပ်သလို ဖြစ်နေတာပေါ့” ဟု ကိုလှသိန်းက ပြောသည်။


ယင်းကဲ့သို့ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားပြည့်စုံမှသာ ထုတ်ရောင်းသင့်ကြောင်း ၎င်းက ဆိုသည်။


သုံးဘီးဝယ်ယူချိန်က မည်သည့်အချိန်တွင် ယာဉ်အထောက်အထားရရှိမည်ကို မမေးဖြစ်ဘဲ ဝယ်ပြီးရက်အနည်း ငယ်အကြာတွင်ရရှိမည်ဟု ထင်သည့်အတွက်ဝယ်ယူဖြစ်ကြောင်း အခြားသုံးဘီးပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသန်းဇော်လေးက ပြောသည်။


အဆိုပါ BAJAJ တံဆိပ်သုံးဘီး တွင် RE နှင့် Maxima အမျိုးအစားဟူ၍ နှစ်မျိုးရှိပြီး သရဖူစိုးမြင့်ကုမ္ပဏီက တင်သွင်းရောင်းချနေသည်။


“ပိုက်ဆံလက်ငင်းရှင်းထားပြီးသားဆိုတော့ ကိုယ့်ဟာကို တရားဝင်တစ်ခုလို ချင်တာပေါ့”ဟု ဦးသန်းဇော်လေးက ပြောသည်။


၂၀၁၅ မော်တော်ယာဉ်ဥပဒေအရ မည်သည့်ယာဉ်အမျိုးအစားမဆို ယာဉ် နှင့်ပတ်သက်သည့် အထောက်အထား မရှိပါက အများပြည်သူဆိုင်ရာ လမ်းမပေါ်တွင် သွားလာမောင်းနှင်ခွင့်မရှိ ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။


“မှတ်ပုံတင်ထားတဲ့ စာရွက်စာတမ်း ဘာမှမရှိဘူးဆိုလို့ရှိရင် မောင်းနှင်လို့ မရပါဘူး”ဟု ဦးထင်ပေါ်က ပြောသည်။


ယင်းသုံးဘီးအမျိုးအစားက ရောင်းအားကောင်းသည့်အတွက် ကုမ္ပဏီမှပို့ပေးသည့် ယာဉ်စစ်မိန့်ကို စုပြီးမှ ကညနဌာနတွင် သွားလုပ်သည့်အတွက် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း သရဖူစိုးမြင့်ကုမ္ပဏီ၏ ထားဝယ်ရုံးခွဲတာဝန်ခံ ဦးဇေယျာမြင့်က ဆိုသည်။


လက်ရှိတွင် ယာဉ်အထောက်အထားအမြန်ဆုံးရရန် ဆောင်ရွက်နေပြီး မတ်လ ၂၃ ရက်နေ့တွင် ၂၀၁၉ ခုနှစ်အတွင်း ဝယ်ထားသည့် သုံးဘီးအစင်းရေ ငါးဆယ်ခန့်အတွက် အထောက်အထားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


“အများဆုံး ဒီလကုန်ရင် ဝယ်ထားတဲ့သူအကုန်လုံးများများ အုံနာဘုတ် ရသွားလိမ့်မယ်”ဟု ဦးဇေယျာမြင့်က ဆို သည်။


ထားဝယ်ဒေသတွင် တံဆိပ်မတူသည့် အိန္ဒိယသုံးဘီး အမျိုးအစားသုံးခုရှိပြီး အမျိုးအစားအပေါ်မူတည်ကာ ကျပ်သိန်း ၅၀ ကျော်အထိ ပေါက်ဈေးရှိသည်။


အခြားကုမ္ပဏီများက တင်သွင်းရောင်းချသည့် သုံးဘီးအမျိုးအစားများ၏ ယာဉ်အထောက်အထားများမှာ ဝယ်ယူပြီးရက်ပိုင်း သို့မဟုတ် နှစ်လခန့်အကြာတွင် ရလေ့ရှိသည်ဟု သုံးဘီး ပိုင်ရှင်အချို့ထံမှ သိရသည်။