ကိုရိုနာဗိုင်းရပ်စ်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နည်း

0
321
ကိုဗစ် ဒုတိယ လှိုင်း သတိရှိပါ

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ရာမှ ဖြစ်တဲ့ COVID 19 က အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခုလိုမျိုး ကူးစက်နှုန်း မြင့်မားတဲ့ ရောဂါတစ်ခု ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ပြဿနာလာ ပေးနေပါတယ်။

တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်စပ်နေကြတဲ့ ခုလို ဂလိုဘယ်လိုင်ဇေးရှင်း ခေတ် မှာ တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေက ကိုယ့်နိုင်ငံအပေါ်မှာလည်း လာပြီး သက် ရောက်တာပဲ။ ပြောရရင် ဆက်စပ်တာ တောင် မဟုတ်ဘူး။ ကျွန်တော်တို့က မှီခိုနေရတာ။ ကိုယ့်နိုင်ငံထဲ ထုတ်နိုင် တာဆိုလို့ အတော်ရှားတာလေ။ ဒီတော့ ခုချိန်ထိ ကိုယ့်နိုင်ငံထဲမှာ ကူးစက်သူ တစ်ယောက်မှ မတွေ့သေးဘူးဆိုရင် တောင် ကိုယ့်အနာဂတ်၊ ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံ အနာဂတ်အတွက် စိတ်ပူ လာမိတယ်။ ကူးစက်ခံရရင်၊ အလုပ် ပြုတ်သွားရင်၊ ပိုက်ဆံမရှိတော့ရင် စသဖြင့် စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်။ အခြေအနေတွေ တအားဆိုးလာလို့ ဒုစရိုက်မှုတွေ ဖြစ်လာမှာကိုလည်း ကြောက်နေကြတယ်။ လုံး၀မသိရင် လည်း မကောင်းသလို သိတာတွေများ လာတဲ့အခါမှာလည်း စိတ်ဖိစီးမှုတွေ ဖြစ်လာရပါတယ်။ ဒါကြောင့် အဲ့လို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဆိုးဆိုး ရွားရွား မဖြစ်စေဖို့ ဒါလေးတွေ သတိ ထားပေးပါ။

၁။ စိတ်မပူဖို့တော့ မဖြစ်နိုင်ပါဘူး။ ပူတာတော့ ပူပါ။ ကျွန်တော်လည်း ပူတာပဲ။ သို့သော် သတိလေးကပ်ပြီး ထိန်းပါ။

၂။ အဆိုးဆုံးအတွက်လည်း ပြင် ဆင်ပါ၊ အကောင်းဆုံးကိုလည်း မျှော်လင့်ထားပါ။ ကာကွယ်ဖို့အတွက် လိုအပ်တာတွေကိုလည်း အတိအကျ လိုက်နာပါ။ မပေါ့ပါနဲ့။

၃။ ဒီဗိုင်းရပ်စ် မကူးစက် မပျံ့ ပွားဖို့မှာ ကိုယ် မတတ်နိုင်တာတွေကို စိတ်ပူနေမဲ့အစား ကိုယ်တတ်နိုင်တာ လုပ်ပေးပါ။ ကိုယ် သိထားသလောက်လေး ပတ်ဝန်းကျင်ကို အသိပညာ မျှဝေပေးပါ။ ငွေတတ်နိုင်တယ်ဆိုလည်း ငွေကူညီပေး ပါ။ ဆေးရုံတွေကို လှူနေတဲ့ အဖွဲ့တွေ ရှိပါတယ်။

၄။ သတင်းတွေကို စောင့်နား ထောင်ပါ။ တစ်နေ့ တစ်နေ့ ဒီသတင်း တွေပဲ ကြည့်မိနေတဲ့အထိ အလွန်အကျွံ တော့လည်း မဖြစ်ပါစေနဲ့။ ဆိုရှယ်မီဒီယာ ကိုလည်း အချိန်နဲ့ သုံးပါ။

၅။ ပန်းခြံ၊ ဘောလုံးကွင်း စတဲ့ နေရာတွေမှာ အားကစား လုပ်ပါ။ စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာတို့လို ကိုယ် ဝါသနာပါတာလေးတွေ လုပ်ပါ။ ရသစာပေ ဖတ်ပါ။ လုပ်နိုင်တယ်ဆို တရားလည်း ထိုင်ပါ။ ဒါတွေက စိတ် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေ ပါတယ်။

၆။ တတ်နိုင်သမျှ အိမ်မှာ နေရ ပြီဆိုတော့ အိမ်ကလူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ပါ။ အဲဒီလို ပြောလိုက်တော့ အိမ်က လူတွေနဲ့ ရင်းနှီး ပြီးသားလေ လို့ ထင်မယ်။ မဟုတ်ပါဘူး။ တချို့မိသားစုတွေဆို အလုပ်ကိုယ်စီနဲ့မို့ တစ်အိမ်တည်းသာ အတူနေတာ စကား တောင် ဟုတ်တိပတ်တိ မပြောဖြစ်ကြ ပါဘူး။ ခုက အဲ့လိုမိသားစုနဲ့ နွေးနွေး ထွေးထွေး နေလို့ရတဲ့အချိန်ပါ။ ရုပ်ရှင် အတူကြည့်၊ ထမင်းအတူစား၊ မုန့်လေး တွေ လုပ်စား၊ အိမ်နီးနားချင်းတွေကို လိုက်ဝေ။ အဲ့လိုလေးတွေ လုပ်ပါ။ (Social distancing ကိုတော့ သတိရပါ)

၇။ ကိုယ်တစ်ယောက်တည်း ထိခိုက်ခံစားနေရတာ မဟုတ်ဘဲ ကိုယ့် ထက်ဆိုးတဲ့သူတွေ အများကြီးဆိုတာ သတိရပါ။ ကိုယ်ကမှ သွားမယ့်ခရီးလေး တစ်ခု ရွှေ့လိုက်ရတာပါ။ ဒီပြဿနာ ကြောင့် လူ့လောကထဲက အပြီးထွက်ခွာ သွားရသူတွေ အများကြီး ဖြစ်နေပါတယ်။ အလုပ်ပြုတ်သွားပြီး မိသားစုလိုက် ဒုက္ခ ရောက်သွားသူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် မညည်းညူဘဲ အကောင်းဆုံး ရင်ဆိုင်ပါ။

၈။ အနာဂတ်က ဒီပြဿနာကြောင့်မှ မဟုတ်ပါဘူး။ နဂိုကတည်းကိုကလည်း မရေရာပါဘူး။ ဒါကနေ တပ်လှန့်လိုက် တာက Confort Zone (သက်သာဇုန်) ထဲ နေမနေကြဖို့ပါ။

စုထားဆောင်းထားတာ မရှိရင်၊ ပညာမတတ်ရင် အချိန်မရွေး ဒုက္ခရောက်သွားနိုင်တယ်ဆိုတာကို ပြ လိုက်တာပါပဲ။ သဘာ၀ဘေးဖြစ်ရင် တောင် (အထူးသဖြင့် ရန်ကုန်က လူတွေ ဆို) ကိုယ်တွေက လွတ်တယ်ဆိုပြီး ပေါ့နေကြဦးမယ်။ အခုက အကုန်ထိတာ ပါ။ ဒါကြောင့် ခုကစလို့ မပေါ့ကြပါနဲ့။ ဆင်းရဲခြင်း၊ ပညာမတတ်ခြင်းက ကိုယ့် ကို အထိခိုက်မခံသူ၊ ထိလွယ်ရှလွယ်သူ(Vulnerable) ဖြစ်စေပါတယ်။

၉။ ဒါက ကိုယ့်အမှား ကိုယ့်အပြစ် ကြောင့် ဖြစ်လာတာ မဟုတ်ဘဲ နေရင်း ထိုင်ရင်း ကြုံရတဲ့ ပြဿနာမျိုးပါ။ ကိုယ့် အမှားကြောင့် ဆိုရင်တောင် ခံသာသေး တယ်။ ခုက အသားလွတ်ကြီး ကြုံရတာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါသည်ပင်လျှင် ဘ၀ ပါပဲ။ စာမေးပွဲမှာ ပေးလာတဲ့ ပုစ္ဆာကို ခက်တယ်၊ လွယ်တယ်၊ သင်ထားတဲ့အထဲ ပါတယ်၊ မပါဘူး ငြင်းလို့ရလို့လား။ မေးလာပြီဆို ဖြေရတာပဲ။ ခုလည်း အဲ့လိုသဘောထားပါ။

၁၀။ ဆုံးရှုံးမှုကတော့ ကြုံရတာ ချည်းပါပဲ။ အနည်းနဲ့ အများပဲ ကွာကြ ပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူက အသက်ရှင်နေသရွေ့၊ ကျန်းမာနေသရွေ့ ဘယ်လိုအရာကိုမဆို ပြန်လည်ရယူလို့ ရတယ်ဆိုပြီး တွေးထားပါ။ ဒါဆိုရင် တော့ ဒီပြဿနာကို ကျွန်တော်တို့တွေ အကောင်းဆုံး ကျော်ဖြတ်နိုင်ပါလိမ့်မယ်။

ရေးရတာတော့ လွယ်ပါတယ်။ လက်တွေ့ကျ ခက်မယ်။ အခြေခံလူတန်း စားတွေဆို ပိုတောင် ဆိုးပါလိမ့်ဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့လို လူလတ်တန်းစားတွေအတွက်တော့ တခုခု အထောက်အကူ ဖြစ်လိမ့်မယ် ရည်ရွယ်ပြီး ရေးလိုက်တာပါ။ ကျေးဇူး တင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ