ကိုရိုနာကို တုံ့ပြန်ရန် ပြင်ဆင်ခြင်း

0
684

မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး ကူးစက်ခံရသော လူနာမတွေ့ရသေး ကြောင်း အစိုးရက ထုတ်ပြန်ထားသော် လည်း ထားဝယ်ဒေသရှိ အဖွဲ့အစည်းများက ရောဂါပိုးရှိ လူနာတွေ့ရှိပါက တုံ့ပြန်ဆောင် ရွက်ရန် နည်းလမ်းများ ပြင်ဆင်လျက်ရှိ သည်။ အချို့အဖွဲ့များကလည်း ကြိုတင် ကာကွယ်ရေး လုပ်ဆောင်လျက် ရှိသည်။ ယင်းတို့အနက် အချို့ကို ကောက်နုတ် တင်ပြလိုက်ပါသည်။

လူချင်းတွေ့ အလုပ်လုပ်ခြင်း ရှောင်ရှား

ထားဝယ်မြို့ရှိ အစိုးရဌာနဆိုင်ရာ အချို့၊ အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့ အစည်းအချို့သည် လူချင်းတွေ့ အလုပ် လုပ်သည်ကို ရှောင်ရှားလာကြကာ အွန်လိုင်းမှတစ်ဆင့် အလုပ်ကိစ္စ ဆွေးနွေး ပြောဆိုလာကြကြောင်း ယင်းအဖွဲ့အချို့ ထံမှ သိရသည်။

ကိုရိုနာဗိုင်းရပ် ရောဂါကူးစက်မှုကို ကြိုတင်ကွယ်သည့် အနေဖြင့် ယင်းကဲ့သို့ လူတွေ့ အလုပ်လုပ်ခြင်းကို ရှောင်ရှားလာကြခြင်း ဖြစ်သည်။

တိုင်းလူမူဝန်ထမ်းဦးစီးဌာနနှင့် ဆက်သွယ်လုပ်ကိုင်နေသည် အစိုးရမဟုတ် သော နိုင်ငံတကာအဖွဲ့များအကြားလည်း လူချင်းတွေ့ အလုပ်လုပ်ခြင်းကိုရှောင်ရှားပြီး အွန်းလိုင်းစနစ်တစ်ခုခု၊ လက်ကိုင်ဖုန်း တို့ဖြင့်သာ ဆက်သွယ်လုပ်ကိုင်တော့ကြောင်း တနင်္သာရီတိုင်း လူမူဝန်ထမ်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။

“လူချင်းတွေ့အလုပ်မလုပ်ကြ တော့ဘူး။ ဒါပေမယ့် ဆယ်သွယ်ရေးလမ်း ကြောင်းတွေနဲ့ အလုပ်လုပ်ကြတယ်”ဟု ဦးထွန်းထွန်းနိုင်က ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲ မှုကော်မတီရုံးအဖွဲ့၏ မတ်လ ၂၀ ရက်က ပြုလုပ်သည့် အစည်းအဝေး တစ်ရပ်ကိုလည်း အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထားဝယ်မြို့ရှိ အရပ်ဘက်အဖွဲ့ အစည်းအချို့သည်လည်း လူချင်းတွေ့ အလုပ်လုပ်ခြင်းကို ရှောင်ရှားလာနေကြပြီး အချို့သော အရပ်ဘက်အဖွဲ့အစည်းတို့ သည် အစိုးရမှ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိမှု ထုတ်ပြန်ချက်ပေါ် မူတည်ပြီး ကာကွယ်ရေး နည်းလမ်း အဆင့်ဆင့်ကို ကြိုတင်ရေးဆွဲ ထားကြသည်။

“မြန်မာနိုင်ငံအဆင့်မှာ (ကိုရိုနာဗိုင်း ရပ်စ်) ဖြစ်လာရင် ဘာလုပ်မယ်၊ တိုင်း အဆင့်မှာဖြစ်လာရင် ဘာလုပ်မယ်၊ ခရိုင်၊ မြို့နယ်ကိုရောက်လာရင် ဘယ်လိုလုပ်မယ် ဆိုတာတွေ အစီအစဉ်ရေးဆွဲထားတယ်”ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA) စီမံကိန်းညှိနှိုင်းရေးမှူး ဦးရာဇာအောင်က ပြောသည်။

ကူးစက်မူကို ကာကွယ်ရန် လူထူထပ်သည့်နေရာများ၊ ပွဲလမ်းသဘင်များကို ရှောင်ရှားကြရန် ကျန်းမာရေးနှင့် အားကစား ဝန်းကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ထမ်းများကို ကူညီမည်

ထားဝယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားလာခဲ့သည့်ရှိသော် ကျန်းမာရေး ဝန်ထမ်းများကို ကူညီမည့် လူငယ်အဖွဲ့ တစ်ခုဖွဲ့ရန် ပြင်ဆင်နေပြီး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအချို့ကလည်း ယင်းအဖွဲ့သို့ဝင်ရောက်ရန် စိတ်ဝင်စား လျက်ရှိသည်။

ယင်းလူငယ်အဖွဲ့ဝင်တို့သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိုးသတ်ဆေး ဖျန်းခြင်း၊ လူနာသယ်ဆောင်ခြင်းကဲ့သို့ သောလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်း များကိုယ်စား ကူညီလုပ်ဆောင်နိုင်ရန် အတွက် ယင်းအဖွဲ့ ဖွဲ့ရန်ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ဖြစ်မြောက်ရေး ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုဇင်မောင်ဖြိုးက ပြောသည်။

“တကယ်လို့ ထားဝယ်ဒေသမှာ (ကိုရိုနာဗိုင်းရပ်စ်) ဖြစ်လာတဲ့အချိန်ဆိုရင် အတတ်နိုင်ဆုံး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ကူညီပေးလို့ရအောင် အခုကတည်းက လူစုပြီးထားတာပါ”ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ကူညီပေးမည့်အစီအစဉ် ကို စိတ်ဝင်စားသူများ ပူးပေါင်းပါဝင် နိုင်ကြောင်း Facebook လူမူကွန်ရက် စာမျက်နှာတွင် မတ်လ ၂၀ ရက်က တင်ထားရာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူအများ၊ ကျောင်းသားဟောင်းများက ပူးပေါင်းပါဝင်မည့်အကြောင်း ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့်အတူ မှတ် ချက်ပေးထား ကြသည်။

“အစက ဒီလိုဖွဲ့မယ်ဆိုပြီးတိုင်ပင်တော့ လူနှစ်ဆယ်လောက်ရှိနေပြီးသား။ အယောက်နှစ်ဆယ်ထက်ပိုပြီး ပူးပေါင်း ပါဝင်ချင်တဲ့သူတွေ ရှိရင်လည်း ဖိတ်ခေါ်တဲ့ အနေနဲ့ တင်ထားတာ” ဟု ကိုဇင်မောင်ဖြိုးက ဆိုသည်။

ကူညီရာတွင်လည်း ယင်းလူငယ်အဖွဲ့ သဘောသက်သက်ဖြင့် လုပ်ဆောင်မည် မဟုတ်ဘဲ ကျန်းမာရေးဌာန၊ အရပ်ဘက် အဖွဲ့အစည်းတို့နှင့် ပူးပေါင်းလုပ်ဆောင် မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ပူးပေါင်းပါဝင်မည့်အကြောင်း စာရင်း ပေးထားသူများကို ဖုန်းဆက်အကြောင်း ကြားကာ ကျန်းမားရေးဝန် ထမ်းများကို ကူညီမည့်အဖွဲ့ကို မတ်လကုန်တွင် စဖွဲ့ မည်ဖြစ်ကြောင်း ကိုဇင်မောင်ဖြိုးက ပြော သည်။

ကိုရိုနာဗိုင်းရပ်ဂယက်ကြောင့် ထားဝယ် ဒေသခံများက ထားဝယ်ဆေးရုံး အတွက် လိုအပ်သည့် ကျန်းမာရေး အထောက် အကူပစ္စည်းများ ဖြည့်ဆည်းပေးရန် ရန်ပုံငွေစုဆောင်းနေသူများလည်း ရှိသည်။

လက်သန့်ဆေးရည် အခက်အခဲ

ကိုရိုနာဗိုင်းရပ်စ် ဂယက် ရိုက်ခတ် လာခြင်းနှင့်အတူ ထားဝယ်ဈေးကွက် အတွင်း လက်သန့်ဆေးရည်များ ပြတ်လပ် သည့်အထိ ရောင်းအားကောင်းခဲ့ပြီး အဖွဲ့ အစည်းအချို့က ကိုယ်တိုင် လက်သန့်ဆေး ရည်တွေ ထုတ်လုပ်လာကြသည်။

ယင်းကဲ့သို့ ထုတ်လုပ်ရာတွင် ကုန် ကြမ်းပစ္စည်း ရရှိမူအခက်အခဲနှင့် ရင်ဆိုင် နေရသည့်အပြင် အဖွဲ့အစည်းအချို့က ထုတ်သည့် လက်ဆေးရည်များမှာ မှတ်ပုံ တင်ထားခြင်းမရှိဟုဆိုကာ အရေးယူမည် ဟု သက်ဆိုင်ရာ ဌာနက ပြောဆိုလာသည်။

တရားမဝင် ဝင်လာသည့် လက်သန့် ဆေးရည်နှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် လက်သန့်ဆေးရည်များကို အပတ်စဉ် စစ်ဆေးနေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က ဆိုသည်။

ယင်းကဲ့သို့ တရားမဝင် ဝင်ရောက် နေခြင်းကြောင့် နိုင်ငံတော်အခွန်အခလည်း နစ်နာသကဲ့သို့ သုံးစွဲရာတွင်လည်း စိတ်ချ ရမှုမရှိကြောင်း ဒေါ်မေသန်းနိုင်က ပြောသည်။

တရားဝင်မှတ်ပုံတင်ထားခြင်းမရှိပါက ပစ္စည်းသိမ်းဆည်းခြင်း၊ အရေးယူခြင်း များ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်သန့်ဆေးရည်ထုတ်သူများတွင် ထားဝယ်တက္ကသိုလ်၊ တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီ တို့လည်းပါဝင်သည်။

ထားဝယ်တက္ကသိုလ်သည် စာမေးပွဲ ဖြေနေသည့် ကျောင်းသားများအတွက် ထုတ်လုပ်ခြင်းဖြစ်ပြီး တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီမှာ ဈေးကွက် အတွင်း လက်သန့်ဆေးရည် ပြတ်လပ်လာ ပါက ပြည်သူများကို အခမဲ့ ဖြန့်ဝေရန် ထုတ်လုပ်ခြင်းဖြစ်သည်ဟုဆိုသည်။

“ဒီလို လက်သန့်ဆေးရည်ထုတ်တာ သည် စီးပွားရေးလုပ်ဖို့အတွက်မဟုတ်ဘူး။ လှူဖို့လုပ်တာဖြစ်တဲ့အတွက်ကြောင့် (အရေးယူမယ်) ပြောတဲ့သူတွေလဲ ပြောနေပေါ့။ ကျွန်တော်တို့ကလည်း လုပ်နေမှာပဲ”ဟု တနင်္သာရီတိုင်း လူငယ်ရေးရာကော် မတီအတွင်းရေးမှူး ကိုဝေဖြိုးက ဆိုသည်။

Dawei Watch