ဗိုင်းရပ်စ်ယတြာ

0
1027
ဓာတ်ပုံ - ဝေယံစိုး

သံပရာသီးနှင့် ဆီးသီး ဈေးတက်သွားခြင်းက ကိုရိုနာဗိုင်းရပ်စ်နှင့် သက်ဆိုင်နေသည်။

ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက်နေ မခိုင်သည် ဆီးသီးငါးလုံး၊ သံပရာ သီးငါးလုံးဖြင့် နေ့စဉ် ဘုရားဆွမ်းတော် တင်နေသည်။

သူငယ်ချင်းတစ်ဦး၏ အကြံပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ဆွမ်းတင်ကာ ယတြာချေခြင်း ဖြစ်သည်။

ထိုယတြာကို နာမည်ကြီး ဆရာတော် တစ်ပါးက ဟောကြားထားကြောင်း မခိုင်သူငယ်ချင်းက မခိုင်ကို ပြောခဲ့သည်။

“သူများကကောင်းအောင် ညွှန်ပြ ပေးခဲ့တာဆိုတော့ ကောင်းအောင်လိုက် လုပ်တဲ့ သဘောလောက်ပါပဲ။ အကောင်း လုပ်ရင် အကောင်းဖြစ်တယ်ဆိုတဲ့ သဘောပေါ့လေ။ ကိုယ်ကလည်း ဗုဒ္ဓဘာသာဆိုတော့ ဆရာတော်တစ်ပါးက ဒီလိုလုပ်ရင် အဆင်ပြေမယ်ပြောတယ် ဆိုတော့ ကိုယ်လည်း ယုံကြည်ပြီးတော့ လုပ်တာပေါ့လေ”ဟု မခိုင်က ပြောသည်။

ထိုသို့ ဘုရားဆွမ်း နေ့စဉ်တင်သူ တို့ များလာလေလေ သံပရာသီးနှင့် ဆီးသီး ဈေးတက်လေလေ။

“ယတြာချေရမယ်ဆိုပြီး ဆီးသီး လိုက်ဝယ်နေကြတာဆိုတော့ အရင်က နို့စည်ဘူးတစ်ဘူးမှ (ကျပ်) ၂၀၀ ပဲပေး ရတဲ့ ဆီးသီးက အခု တစ်လုံးတစ်ရာတွေ၊ သုံးလုံးငါးရာတွေ ဖြစ်ကုန်ပြီ”ဟု ထားဝယ် ကမ်းနားဈေးမှ ဈေးသည်တစ်ဦးက ဆိုသည်။

ထိုသို့ ဆွမ်းတင်သူတို့ ရှိသကဲ့သို့ ညဦးတွင် မိမိအိမ်ရှေ့ ဖယောင်းတိုင်၉ တိုင်၊ နံ့သာတိုင် ၉ တိုင် ထွန်းညှိသူတို့လည်း အတော်ပင်များလာသည်။

ထိုသို့ ထွန်းညှိသူတို့ကို မေးကြည့်ရာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ပူဇော်မှု တစ်ခုအဖြစ် ထွန်းညှိကြသည်ဟု ဆိုကြသည်။

သို့သော် မည်သို့ ကာကွယ်နိုင်သည် ကိုမူ ရေရေရာရာ အဖြေ မရှိကြပေ။

“ဘာရယ်လို့ မဟုတ်ပါဘူး။ သူများ အိမ်တွေလည်း အဲလိုလုပ်နေကြတော့ အန္တရာယ်ကင်းအောင် လို့ လိုက်လုပ်တာပါ”ဟု လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာ မှ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။

မြို့ရွာအချို့တွင်မူ အန္တရာယ်ကင်း ပရိတ်တရားတော် လှည့်လည်ရွတ်ဖတ် ပူဇော်မှုတို့ လုပ်ဆောင်နေကြသည်။

ရောဂါဘယ ဘေးအန္တရာယ် တစ်ခုခု ကြုံရတိုင်း ရပ်ရွာထဲ ထိုသို့ လှည့်လည် ရွတ်ဖတ်တတ်ကြသည်က အလေ့အထ တစ်ခုပင် ဖြစ်သည်။

မြိတ်တွင်လည်း ဆီးသီး ၅ လုံး၊ သံပရာသီး ၅ လုံးဖြင့် ဆွမ်းတော်ကပ် နေသူ ဒုနှင့်ဒေး။

ကပ်ကြေးပေါ် ဖယောင်းတိုင်ထွန်း သူတွေပင် ရှိသေးသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးကြီး ကျော်သွားရန် ကတ်ကြေးပေါ် ဖယောင်းတိုင်ထွန်းကြခြင်းဟု ဆိုကြသည်။

မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်နေ အသက် ၄၃ နှစ်အရွယ် မမြတ်မွန်၏ပတ်ဝန်းကျင်တွင်မူ မမြတ်မွန်က ထိုသို့ သော ယတြာကိစ္စများကို အယုံအကြည် မရှိ။

ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကိုသာ တတ်နိုင်သမျှ လိုက်နာသည်။ ဘုရားပုံမှန်ရှိခိုးသည်။ နိုင်သလောက် တရားမှတ်သည်။ ပဋ္ဌာန်းဂုဏ်တော် ရွတ်သည်။ ရုပ်မြင်သံကြားမှ သတင်းတွေကို နေ့တိုင်းကြည့်သည်။

“နှာခေါင်းပိတ်တော့ ဝယ်လို့မရှိလို့ မတပ်ရဘူး။ ကျန်းမာရေးက ညွှန်ကြား ထားတဲ့အတိုင်း လက်ကိုတော့ အမြဲဆေး တယ်။ ကိုယ်ခံအားကောင်းအောင် အသီးအရွက်တွေ များများစားတယ်။ လူစုလူဝေးရှိတဲ့နေရာဆို လုံး၀ကို မသွား တော့ဘူး။ ကလေးတွေကိုလည်း မကြာ ခဏလက်ဆေးခိုင်းတယ်”ဟု မမြတ်မွန်က ပြောသည်။

ထားဝယ် ရှင်ကိုးရှင်သမိုင်းဝင် ရှင်မုတ္ထီးဘုရားတွင် ပန်းရောင်းသည့် မမီးငယ်ကတော့ ဗုဒ္ဓဘာသာကို ကိုင်း ရှိုင်းသက်ဝင်စွာ ကိုးကွယ်သည့်နိုင်ငံ ဖြစ်သည့်အတွက် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးက မြန်မာကို ကျော်သွားလိမ့် မည်ဟု ယူဆကြောင်း ပြောသည်။

ဖြစ်လာလျှင်ပင် အခြေအနေ မဆိုးလောက်ဟု မမီးငယ်က ယုံနေသည်။

“မနက်တိုင်း ညတိုင်း ဘုရားရှိခိုး ကြတယ်။ ဘာသာတရား ကိုင်းရှိုင်းကြ တယ်ဆိုတော့ ဖြစ်မှာမဟုတ်ဘူးလို့ ထင်တယ်။ ဖြစ်မယ်ဆိုရင်တောင် သူများနိုင်ငံတွေလို တစ်ရက်ကို ဆယ် ဂဏန်း ရာဂဏန်းတွေ ဖြစ်မှာမဟုတ်ဘူး။ နည်းနိုင်လောက်တယ်။ ကျန်းမာရေး ဝန်ကြီးဌာနက ပြောနေသလို လိုက်လုပ် ဖို့ကျ တောမှာကတော့ တောသဘာ၀ အတိုင်းနေကြတာလေ။ မြို့နဲ့တောနဲ့ တော့ ကွာတာပေါ့”ဟု မမီးငယ်က ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ကိုရိုနာ ကာကွယ် ပညာပေးမှုတွင် သံပရာသီး၊ ဆီးသီးဖြင့် ဆွမ်းတင်ရန်၊ ဖယောင်းတိုင်၊ အမွှေးနံ့သာတိုင်ထွန်းညှိရန် မပါဝင်ပါ။ လက်ဆေးရန်၊ လူစုလူဝေးရှောင်ရန်၊ ကိုယ်ခံအားစနစ်ကောင်းအောင် ထိန်း သိမ်းရန် စသည့် အချက်များသာ ပါဝင် ပါသည်။

လူအချို့ကမူ ဂျင်းပြုတ်ရည် သောက်နေကြဆဲ။ ဘုရားစင်များပေါ်တွင် သံပရာသီး ၅လုံး၊ ဆီးသီး ၅ လုံး ဆွမ်းတော်တင်နေကြဆဲ။ အိမ်ရှေ့တွင် ညဘက် ဖယောင်းတိုင်ထွန်းညှိထား သည်ကို တွေ့နေရဆဲ။

မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်နေ မမြတ်မွန်ကတော့ အောက်ပါအတိုင်းတိုက်တွန်းလိုက်သည်။

“ဒီလိုလုပ်နေတဲ့သူတွေကို ပြောချင် တာက ယတြာလည်းခြေပါ။ ဘုရား တရားလည်း လုပ်ပါ။ ပြီးတော့ ကျန်းမာရေးဌာနက ညွှန်ကြားထားတာ တွေလည်း လုပ်စေချင်တယ်။ ကံကို ယုံပြီးတော့ ဆူးပုံကိုတော့ မတိုးစေချင် ဘူးပေါ့”

တနင်္သာရီသတင်းအဖွဲ့