ကိုရိုနာရောဂါပိုးနှင့် ထားဝယ်ဒေသရှိ တက္ကသိုလ်များ၏ စာမေးပွဲဖြေဆိုသည့် အခြေအနေ

0
606
Dawei Watch, Dawei News, Dawei News Media

မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး ရှိသည့် ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိရသေးသော်လည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကျင်းပနေ သော စာမေးပွဲအသီးသီးကို တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအများစု၏ သဘောဆန္ဒအရ ဝင်ရောက်ဖြေဆိုနိုင်သည်ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနက မတ်လ ၁၈ ရက်နေ့က ညွှန်ကြားထားသည်။

လက်ရှိကျင်းပနေသော စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူများသည် စာမေးပွဲ ပြီးဆုံးသည်အထိ ဖြေဆိုရမည်ဖြစ်ပြီး မဖြေဆိုလိုသူများအတွက် မေလ သို့မဟုတ် ဇွန်လတွင် အစားထိုးစာမေးပွဲပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်အားလုံးကို ညွှန်ကြား ထားသည်။

စာမေးပွဲကျင်းပရာတွင်လည်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့် လိုက်နာဆောင်ရွက်ရန် အချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ရောဂါပိုး အခြေအနေ ပေါ်မူတည်၍ တက္ကသိုလ်ပြန်လည်ဖွင့် လှစ်မည့်နေ့ရက်ကို ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြပါရှိသည်။

ထားဝယ်နည်းပညာတက္ကသိုလ်

ကျောင်းသားများ၏ သဘောဆန္ဒအတိုင်း စာမေးပွဲဖြေဆိုခြင်းကို ရွေးချယ်ခွင့် ပေးထားသော်လည်း ယခုကျင်းပသည့် စာမေးပွဲကို မဖြေဆိုပါက စာမေးပွဲကျ မည်ဟုဆိုကာ ဖိအားပေးပြောဆိုသည့် ဆရာ၊ ဆရာမအချို့လည်းရှိနေသည်ဟု ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသား များသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ ဖိအားပေးပြောဆိုတာတွေ မဖြစ်စေချင်ဘူး၊ ဒီအပိုင်းက ဆရာ၊ ဆရာမတွေဘက်က ဆုံးဖြတ်ချက်ချပေးလို့ရတာ မဟုတ်ဘူးလေ။ ညွှန်ကြားချက်ထွက်ပြီး တာတောင်မှ မဖြေတဲ့ကျောင်းသားတွေကို အပြစ်သားတွေလို ပြောဆိုနေတာမျိုး အဲလို မဖြစ်စေချင်ဘူး၊ တန်းတူပဲ ဆက်ဆံပေးစေ ချင်တယ်”ဟု တာဝန်ရှိသူက ဆိုသည်။

ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် အစားထိုးစာမေးပွဲဖြေဆိုမည့်လကို မေလ သို့မဟုတ် ဇွန်လကျင်းပမည်ဖြစ်ပြီး အခြေ အနေပေါ်မူတည်၍ ထုတ်ပြန်သွားမည်ဟု ဖော်ပြပါရှိသည်။

ယင်းကြောင့် စက်တင်ဘာမှ နိုဝင် ဘာထိ အခြေအနေတစ်ရပ်ကြောင့် စာမေး ပွဲ မကျင်းပနိုင်ခဲ့သည်ရှိသော် ယခုဖြေဆို ထားသူများအတွက် အားသာချက်တစ်ရပ် ရှိနိုင်ကြောင်း သတင်းပေးခြင်းကို ကျောင်းသားများအနေဖြင့် ဖိအားပေး သည်ဟု ထင်မြင်ယူဆကာ နားလည်မှုလွဲခြင်းသာဖြစ်နိုင်သည်ဟု နည်းပညာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်လင်း က ပြောသည်။

“ဆရာကြီးတို့ အထင်ကလည်း (ဗိုင်းရပ်စ်)အန္တရာယ်က လောလောဆယ် မှာတော့ အရမ်းမဖြစ်သေးတဲ့အကြောင်း ပညာရေးတွေ ထိခိုက်သွားမှာစိုးလို့ နောင်ဆိုတာက မသေချာဘူး။ သူ့ဘာသူ ရွေးလိုက်တဲ့အပေါ်မှာ အားသာချက် အားနည်းချက်က နောင်ကျရင် အချိန်က ဆုံးဖြတ်ပေးသွားလိမ့်မယ်”ဟု ဦးကျော် ကျော်လင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နည်းပညာတက္ကသိုလ် ပေါင်း ၃၃ ကျောင်းတွင် ကျောင်းပေါင်း နှစ်ဆယ်ကျော်ဖြေဆိုနေပြီး အခြားသော နည်းပညာတက္ကသိုလ်ကျောင်းများတွင် အစားထိုးဖြေဆိုသူဦးရေမှာ အများဆုံး ၆ ဦးခန့်သာရှိသည်ဟု ၎င်းက ပြောသည်။

ထားဝယ်နည်းပညာတက္ကသိုလ်တွင် စာရင်းရှိကျောင်းသား ၈၉၅ ဦးရှိပြီး လက်ရှိဖြေဆိုနေသူ ၆၁၃ ဦးရှိကာ ထူးထူးခြားခြားအနေဖြင့် အစားထိုးဖြေဆို သူ ၂၈၂ ဦးထိရှိခဲ့သည်ဟု ဦးကျော်ကျော်လင်း က ပြောသည်။

နည်းပညာတက္ကသိုလ်တွင် လက်သန့် ဆေးရည်များကို စာမေးပွဲခန်းများတွင် ထားရှိပေးထားပြီး ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ အကြံပြုချက်များကို ပြုလုပ်ပေးထားသည့်အပြင် ရောဂါပိုးနှင့် ပက်သက်သည့် ဆောင်ရန်၊ ရှောင်ရန်၊ ကာကွယ်ရန်၊ လိုက်နာရန်အချက်များကို ဗီနှိုင်းစာပြားများဖြင့် အများမြင်သာသည့် နေရာတွင် ကပ်ပေးထားကြောင်း သိရ သည်။

ထားဝယ်တက္ကသိုလ်

ထားဝယ် နည်းပညာတက္ကသိုလ် စာမေးပွဲကို မတ်လ ၁၉ ရက်၊ ထားဝယ် တက္ကသိုလ်စာမေးပွဲကို မတ်လ ၁၈ ရက်၊ ထားဝယ် ပညာရေးကောလိပ်စာမေးပွဲကို မတ်လ ၁၃ ရက်၊ ထားဝယ် ကွန်ပျူ တာတက္ကသိုလ်စာမေးပွဲကို မတ်လ ၂၃ ရက်တို့တွင် အသီးသီး စတင်မည် ဖြစ်ကြောင်း သက်ဆိုင်ရာ တက္ကသိုလ် များထံမှ သိရသည်။

ထားဝယ်တက္ကသိုလ်၊ ထားဝယ် ကွန်ပျူတာတက္ကသိုလ်၊ ထားဝယ်ပညာ ရေးကောလိပ်များတွင် အစားထိုးစာမေး ပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ မရှိကြောင်း တက္ကသိုလ်များထံမှ သိရ သည်။

ထားဝယ်တက္ကသိုလ်တွင် တိုင်းအစိုးရ မှ ထုတ်ပေးသည့် ကုန်ကြမ်းဖြင့် လက်သန့် ဆေးရည် ၄၇ ဗူးကို ဓာတုဗေဒဌာနမှ ဆရာ၊ ဆရာမများကိုယ်တိုင် ထုတ်လုပ်ကာ စာဖြေခန်းများတွင် ထားရှိပေးထားပြီ ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ချိုချိုမြင့်က ပြောသည်။

“လိုအပ်လို့ရှိရင်တော့ ဆက်ပြီးထုတ် ပေးသွားမယ်လို့ ပြောထားပါတယ်၊ လိုအပ်တယ် မလိုအပ်ဘူးဆိုတာကလည်း ကိုယ်တွေဘက်ကို ဆက်သွယ်ပြောကြား လာမှပဲ လုပ်ပေးနိုင်မှာပေါ့၊ ကုန်ကြမ်းပေး ရင်တော့ လုပ်ပေးသွားပါမယ်”ဟု ဒေါက်တာ ချိုချိုမြင့်က ဆိုသည်။

ထားဝယ်ပညာရေးကောလိပ်

ထားဝယ်ပညာရေးကောလိပ်တွင် Hand Sanitizer ဝယ်ယူမရသဖြင့် လက်ဆေးဆပ်ပြာရည်နှင့် ရေထားရှိ ပေးထားသည်ဟု ပညာရေးကောလိပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဧပြီလတွင်းမှာ ဖွင့်မယ့် သင်တန်းတွေကိုတော့ နားထားခိုင်းတယ်၊ စာထုတ် ပြီးညွှန်ကြားထားတာတော့ မဟုတ်ဘူး၊ ဖုန်းနဲ့ပြောပြီးပဲ ညွှန်ကြားထားတာ”ဟု တာဝန်ရှိသူက ပြောသည်။

ထားဝယ်ကွန်ပျူတာတက္ကသိုလ်

ကွန်ပျူတာတက္ကသိုလ်တွင် အဆင့် မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားထား သည့်အတိုင်း စာဖြေခန်းများတွင် ကျန်းမာရေးလမ်းညွှန်မှုများကို ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။

Mask မှာ ထားဝယ်တွင် ပစ္စည်း ပြတ်လပ်နေသဖြင့် တက္ကသိုလ်များတွင် ထားပေးနိုင်ခြင်းမရှိဟု ယင်းတက္ကသိုလ် များထံမှ သိရသည်။

မိုးမြင့်