ကိုယ့်မိသားစု၊ ကိုယ်မြို့၊ ကိုယ့်နိုင်ငံ ကိုချစ်လျှင် ဗိုင်းရပ်စ် အစစ်ခံပြီးမှ ပြည်တော်ဝင်ပါ

0
1124
ဓာတ်ပုံ - ကိုစိုး

တနင်္သာရီတိုင်းနှင့် ထိုင်းနိုင်ငံနယ်စပ် ဂိတ်များဖြစ်သည့် ထီးခီး၊ မောတောင်၊ ကော့သောင်းဂိတ်များမှ လူဝင်လူထွက်ကို ထိုင်းဘက်က ပိတ်လိုက်ပြီ ဖြစ်သည်။

ကမ္ဘာ့ကပ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ရေးကို အကြောင်းပြုကာ မတ်လ ၂၁ ရက် နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ယာယီ ပိတ်လိုက်ကြောင်း ထိုင်းဘက်က ထုတ်ပြန်လိုက်သည်။

ယင်းသို့ ပိတ်လိုက်သည့်အချိန်သည် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများ မိမိနေရပ်သို့ အလုံးအရင်းအလိုက် ပြန်လာလေ့ရှိသည့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလနှင့် တိုက်ဆိုင်နေသည်။

ထိုသို့ တရားဝင် ဝင်ထွက်နိုင်သည့် လမ်းများ ပိတ်လိုက်သည်နှင့် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများ ယခုနှစ် သစ်ကူးတွင် မွေးရပ်သို့ မပြန်တော့ဟု မည်သူမျှ အာမမခံနိုင်ပေ။

“ဒီထက် ဆိုးတဲ့အခြေအနေ၊ ပစ်မိန့် ပေးထားတဲ့အခြေအနေမှာတောင် ခိုးပြန်ကြ သေးတာပဲလေ” ဟု ထိုင်းနိုင်ငံ ရနောင်းမြို့ နေ မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

ထိုင်းရောက် တနင်္သာရီတိုင်းသားများ ထိုသို့ ခိုးပြန်နိုင်ရန်လည်း ထိုင်းနှင့် မြန်မာနယ်စပ်ကြား ကုန်းမြေချင်းဆက် စပ်မှု၊ မြစ်ချောင်းများ ကျဉ်းမြောင်းမှုတို့က အခြေအနေပေးနေသည်။

အထူးသဖြင့် ထိုင်းနှင့် နယ်နိမိတ် ထိစပ်နေသည့် တနင်္သာရီတိုင်းသားများက အိမ်သို့ အလည်အပတ် ခေတ္တပြန်တိုင်း တရားမဝင် နယ်စပ်ဖြတ်ကျော်နိုင်သည့် လမ်းကြောင်းကို ပိုမိုအသုံးပြုလေ့ရှိကြသည်။

တရားမဝင်လမ်း အသုံးပြုကြခြင်းမှာ ထိုင်းမှ ဆိုင်ကယ်ကအစ မည်သည့် ထိုင်း ပစ္စည်းမဆို အိမ်အရောက် အတားအဆီးမရှိ သယ်နိုင်ခြင်း၊ နှစ်ဘက်အစိုးရ၏ အစစ် အဆေးကို ရှောင်ကွင်းလျက် စိတ်အငြို အငြင်ကင်းစွာ သွားလာနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။ တရားဝင် လုပ်ကိုင်ခွင့်ရထား သူများ ကလည်း တရားဝင်လမ်းမှ လာလျှင် ထိုင်းဘက်လ၀ကသို့ အထွက်တံဆိပ် တုံးထုရန် ထိုင်းဘတ် ဘတ် ၁၃၀၀ (မြန်မာ ငွေကျပ် ၅၀၀၀၀ ကျော်) ပေးဆောင်ရခြင်း နှင့် ပစ္စည်းများ စိတ်ကြိုက်သယ်ခွင့်မရခြင်း တို့ကြောင့် တရားမဝင်လမ်းကြောင်းကို ရွေးချယ်တတ်ကြကြောင်း ထိုင်းနိုင်ငံ လတ် ဘူရီမြို့တွင် အလုပ်လုပ်သည့် ထားဝယ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

သင်္ကြန်အိမ်ပြန်ရန် ဆုံးဖြတ်ထား သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်လမ်း ကြောင်းကို အသုံးပြု ပြန်သူတို့လည်း များစွာပါဝင်မည် ဖြစ်သည်။

ထိုသူတို့၏ သင်္ကြန် ပြည်တော်ပြန်လို ဆန္ဒကို ထိုင်းဘက်က ပိတ်ထားသည့်ဂိတ် များက တားဆီးနိုင်ရန် တတ်နိုင်လိမ့်မည်ဟု မည်သူမျှ အာမခံနိုင်မည်မဟုတ်ပါ။

ထိုသို့ တရားမဝင်လမ်းကြောင်းမှ တနင်္သာရီတိုင်းသို့ သင်္ကြန်တွင် အလုံး အရင်းလိုက် ပြန်လာနိုင်ကြောင်း ပြီးခဲ့သည့် အပတ်က ထိုင်းမြန်မာနယ်စပ် ကော့သောင်း ပါချန်မြစ် တရားမဝင်လမ်းကြောင်းမှ ပြန်လာသူအရေအတွက်က သက်သေပြခဲ့ ပြီး ဖြစ်သည်။

ပါချန်မြစ်တစ်လျှောက် တရားမဝင် နယ်စပ်ဖြတ်ကျော်နိုင်သည့်နေရာ များစွာရှိနေရာ မြန်မာဘက်ကမ်း ဆိပ်ဖူးရွာ နှင့် အေးချမ်းသာရွာဝင်ပေါက်မှ မတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်အထိ ၃ ရက်အတွင်း သင်္ကြန်အမီ အိမ်ပြန်သူ ၇၀၀ ကျော် ရှိခဲ့ ကြောင်း မာရမ်းရွာမှ ဒေါက်တာဘိုဘိုမင်းက ပြောသည်။

ယင်းသည် သင်္ကြန်ကျရန် ရက်သတ္တ ပတ် ၃ ပတ်ကျော် လိုသေးသည့်အချိန် တရားမဝင်အပေါက် နှစ်ပေါက်မှ ဝင်လာ သည့်အရေအတွက်သာ ဖြစ်သည်။

သင်္ကြန်နှင့် ပိုနီးလာလျှင် တနင်္သာရီ တိုင်းနှင့် ထိုင်းနယ်စပ်တစ်လျှောက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ မည်မျှ အထိ ဝင်လာမည်မှာ မတွေးရဲစရာဖြစ်သည်။

ထိုသို့ တရားမဝင်နယ်စပ် ဖြတ်ကျော် ဝင်လာမှုနှင့်အတူ ထိုသူတို့တွင် ကိုရိုနာ ဗိုင်းရပ်စ်ရှိနိုင်^မရှိနိုင် မစစ်ဆေးရဘဲ တနင်္သာရီတိုင်းအတွင်း ဝင်ရောက်လာနိုင် သည့်အခြေအနေကလည်း မတွေးဝံ့စရာ ဖြစ်သည်။

လက်ရှိတွင် ထိုင်း၌ မတ်လ ၂၁ ရက် တစ်ရက်တည်းတွင်ပင် ရောဂါပိုးရှိသူ ၈၉ ဦး တွေ့ရှိခဲ့ပြီး ထိုင်းတစ်နိုင်ငံလုံး စုစုပေါင်း ၄၄၁ ဦး ရောဂါပိုး ကူးစက်ခံထားရသည်။

ထိုရောဂါပိုးကူးစက်သူများထဲတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၂ ဦးလည်း ပါဝင်နေသည်။ သေဆုံးသူ ထိုင်းတစ်ဦးရှိနေပြီ ဖြစ်သည်။

တနင်္သာရီတိုင်း၏ နယ်စပ်ဂိတ်များ တွင် အပူချိန်တိုင်းကိရိယာဖြင့် ကိုရိုနာ ဗိုင်းရပ်စ် စစ်ဆေးရေးစင်တာများဖွင့်လှစ် ထားသော်လည်း တရားမဝင် ဖြတ်ကျော် နိုင်သည့် နယ်စပ်မျဉ်းတစ်လျှောက်လုံး စောင့်ကြည့်တိုင်းတာရန်မှာ မလွယ်ကူနိုင်ဟု တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

“တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ကျတော့ တိုင်းတစ်လျှေက်လုံး ဆက်စပ်နေ တာကိုး။ တစ်နေရာမှာ ဝင်ထွက်မရရင် တစ်နေရာ ကူးမှာပဲ။ လက်တွေ့မှာတော့ ထိန်းချုပ်ဖို့ မလွယ်ဘူး” ဟု ဦးမြင့်မောင်က ပြောသည်။

ထိုင်းမြန်မာ ဟိုဘက်သည်ဘက် ရွာရှိသည့်နေရာများတွင် ကျန်းမာရေး ဝန်ထမ်းများရှိခြင်း၊ အုပ်ချုပ်ရေးအဖွဲ့များ ရှိသည့်နေရာများတွင် ကိုယ်အပူချိန်တိုင်း စင်တာများ ချထားရန် လွယ်ကူသော်လည်း ရွာမရှိသည့် တောလမ်းများတွင်မူ စင်တာများ ချထားရန် မလွယ်ကြောင်း ဦးမြင့်မောင်က ပြောသည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်နေပြီး ကူးစက် ပြန့်ပွားမှု အရှိန်အဟုန်မြင့်နေရာ အဖွဲ့ အစည်းတွေအားလုံး ပူးပေါင်းဆောင်ရွက် ရမယ့်ကိစ္စဖြစ်သောကြောင့် ကရင် အမျိုးသား အစည်းအရုံး(KNU)နှင့် ဆက်စပ်သည့် နေရာများအတွက် ဗိုင်းရပ်ကိစ္စကို ကာကွယ်ရေး KNU တာဝန်ရှိသူများနှင့် ဆွေးနွေး ထားပြီးဖြစ်ပြီး ၎င်းတို့ဘက်မှလည်း ပူးပေါင်း ဆောင်ရွက်မည်ဟု ပြန်လည်ပြောဆို ထားကြောင်း ဦးမြင့်မောင်က ဆိုသည်။

လက်ရှိတွင် နယ်စပ်တစ်လျှောက် ထီးခီးတွင် တစ်ခု၊ မောတောင်တွင် တစ်ခု၊ ကော့သောင်းနှင့် ပါချန်မြစ်တစ်လျှောက်တွင် ၁၀ နေရာတို့တွင် ရောဂါစစ်ဆေးရေး စင်တာများကို ချထား စစ်ဆေးနေသည်။

ထို့အပြင် ထိုင်းနှင့် ထားဝယ်ခရိုင် နယ်စပ်တစ်လျှောက်မှ ထားဝယ်သို့ဝင်ရန် ဆုံချက်နေရာဖြစ်သည့် မေတ္တာမြို့ထိပ် တံတားတွင်လည်းကောင်း၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်နယ်စပ်တစ်လျှောက်မှ မြိတ်သို့ဝင်ရာ ဆုံချက်နေရာဖြစ်သည့် တနင်္သာရီတံတားတွင်လည်းကောင်း ရောဂါစစ်ဆေးရေးစင်တာများကို ချထား စစ်ဆေးလျက်ရှိသည်။

“တရားမဝင် ဖြတ်သွားဖြတ်လာနေ တာတွေရှိတယ်။ ရှိတော့ ဒါတွေကို အသေးစိတ် လိုက်ထိန်းချုပ်ဖို့ အခက်အခဲ ရှိတယ်။ ဒီတော့ သက်ဆိုင်ရာ အဆင့်ဆင့် သော အုပ်ချုပ်ရေးအဖွဲ့တွေကနေပြီး ထူးခြား အခြေအနေရှိရင် ကျန်းမာရေးဦးစီးဌာနကို အမြန်ဆုံး ဆက်သွယ် အမြန်ဆုံး အကြောင်း ကြားဖို့ မှာကြားထားပါတယ်။ အမြန်ဆုံး သတင်းပို့ဖို့ပေါ့။ ဒီလိုနည်းနဲ့ ဆောင်ရွက်မှ ရမယ်ပေါ့။ အားလုံးတစ်လျှောက်လုံး လိုက်ပြီး (ဆေးစစ်စင်တာတွေ) ချထား ဖို့ကလည်း အဆင်မပြေဘူးလေ”ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

လက်ရှိတွင် သင်္ကြန်ပွဲတော်များ ပိတ် သိမ်းထားခြင်းကြောင့် သင်္ကြန်တွင် အလုံး အရင်းဖြင့် ပြန်လာနိုင်သည့် အခြေအနေ နည်းနိုင်ကြောင်း ဦးမြင့်မောင်က ခန့်မှန်းနေသည်။

“တစ်ကယ်လို့ ပြန်လာကြရင်လည်း ကိုရိုနာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် သံသယရှိရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက တစ်ဆင့် ဆေးရုံဆေးခန်းတွေဖြစ်ဖြစ် ဆက်သွယ်ပြီး ကိုယ့်အသိနဲ့ကို စစ်ဆေးခံ မယ်ဆိုရင်တော့ ပူးပေါင်းပါဝင်တဲ့သဘော ဖြစ်တယ်ပေါ့ဗျာ”ဟု ဦးမြင့်မောင်က ပြောသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံ သားများကမူ သင်္ကြန်ပြန်လိုသည်ဆိုသည့် တိုင် မလေးရှားနိုင်ငံကို အဝင်အထွက် တင်းကျပ်စွာ ယာယီပိတ်ထားလိုက်ပြီဖြစ်ရာ ပြန်ရန်မလွယ်ကူတော့ဟု မလေးရှားရောက် ထားဝယ်သားတစ်ဦးက ပြောသည်။

“လမ်းမှာ စစ်တပ်ပါ အားလုံးချထား တာ၊ မတ်လ ၁၃ ရက်ကျော်လို့ ရောဂါကူး သူ ပိုတိုးလာရင် ဆက်ပိတ်ထားမှာပဲ”ဟု ၎င်းထားဝယ်သားက ပြောသည်။

မလေးရှားတွင် မတ်လ ၂၁ ရက် ညနေ ၆ နာရီခွဲအထိ ကိုဗစ် ရောဂါဖြင့် သေဆုံးသူ၈ဦးအထိရှိလာပြီဖြစ်ပြီး ကူးစက် ခံထားရသူ ၁၁၈၃ ဦးထိ ရှိလာပြီဖြစ်သည်။

ထိုင်းနှင့် မလေးရှားနိုင်ငံမှ မြန်မာသံ ရုံးများကမူ မြန်မာရွှေ့ပြောင်းလုပ်သား များကို နေရပ်မပြန်ကြဘဲ လက်ရှိနေရာတွင် သာ ကျန်းမာရေးညွှန်ကြားချက်များ အတိုင်း လုံခြုံစွာနေထိုင်ကြရန် တိုက်တွန်းဆော်ဩ ထားသည်။ သို့သော် ပြန်ရန် ယတိပြတ် ဆုံးဖြတ်ထားသူတို့ကိုမူ ထိုဆော်ဩမှုက တိုးပေါက်ရန် မလွယ်ပါ။

“ပြန်ချင်သူတွေတော့ ဘယ်လိုပိတ်ပိတ် ခိုးပြန်ကြတာပါပဲ”ဟု ထိုင်းနိုင်ငံ တောင်ဘက်ဖျား ဟရိုင်တွင် အလုပ်လုပ် သည့် လောင်းလုံးမြို့နယ်သားတစ်ဦးက ပြောသည်။

လက်ရှိတွင် မိမိရောက်ရာအရပ်၌ လုံခြုံစွာနေထိုင်ခြင်းက အကောင်းဆုံးဖြစ် ပြီး မဖြစ်မနေခိုးပြန်မည့်သူများအနေဖြင့် မိမိနိုင်ငံသို့ စရောက်ရောက်ခြင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကာ ကိုရို နာဂေါဂါပိုး စစ်ဆေးမှု ခံယူမည်ဆိုပါက ၎င်းအတွက်ရော ၎င်း၏ ပတ်ဝန်းကျင် အပါအဝင် နိုင်ငံအတွက်ပါ ပိုမိုလုံခြုံ မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပါချန်မြစ်ကမ်း မာရမ်းရွာနေ ဒေါက်တာ ဘိုဘိုမင်းက ပြောသည်။

“ကိုယ့်တစ်ယောက်ကြောင့် ခြားသူတွေ အန္တရာယ်မဖြစ်အောင် စဉ်းစားဆင်ခြင်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ဒေါက်တာဘိုဘိုမင်းက ဆိုသည်။

မြိတ်ခရိုင် မောတောင်မြို့အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ဝင်း ကလည်း ရောဂါပိုးစစ်ဆေးမှု မခံရသည့် ထိုင်းဘက်မှ ခိုးပြန်သူတစ်ဦးဦးက မောတောင်သို့ ရောဂါပိုးသယ်လာမည်ကို စိုးရိမ်နေသည်။

ထိုသို့ဆိုပါက ၎င်းအပါအဝင် ၎င်း၏ အနီးဆုံးမိသားစုဝင်များ၊ ၎င်းမှတစ် ဆင့် ရပ်ကွက်၊ မြို့၊ နိုင်ငံအတွက်ပါ ရင်လေးစရာ ဖြစ်လာမည်ဟု ဦးစိုးနိုင်ဝင်း က ပြောသည်။

“ကိုယ့်မိသားစု၊ ကိုယ့်မြို့ကိုယ့်နိုင်ငံကို ချစ်ရင် ဗိုင်းရပ်စ် အစစ်ခံပြီးမှ ဝင်လာပါလို့ မှာချင်ပါတယ်” ဟု ၎င်းက ပြောသည်။

မင်းခန့်