မလွှဲတောင် လမ်းပိုင်း ပျက်စီးနေရာအချို့ ဇွန်လအပြီး ပြင်မည်

0
3752

ယမန်နှစ်မိုးရာသီက ပျက်စီးသွား ခဲ့သည့် မလွှဲတောင်လမ်းပိုင်းရှိ ယာယီ ဘေလီတံတားနှင့် အခြားနေရာနှစ်ခုတွင် ကျပ်သိန်း ခုနစ်ထောင် အသုံးပြုကာ ယခုနှစ်ဇွန်လမတိုင်မီအပြီး ပြုပြင်မည် ဖြစ်ကြောင်း လမ်းအထူးအဖွဲ့ ၂၃ ထံမှ သိရသည်။


ယာယီ ဘေလီတံတားနေရာဘေးရှိ ချောက်ကို မြေသားဖြည့်ကာ မြေအောက် မြောင်း နှစ်ခု သို့မဟုတ် သုံးခုကို ထည့် သွင်းတည်ဆောက်မည် ဖြစ်ပြီး လက်ရှိ တွင် မြေသားလမ်းမှာ ပြီးစီးနေပြီဖြစ် ကြောင်း လမ်းအထူးအဖွဲ့ ၂၃ မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လင်း (မြို့ပြ)က ဆိုသည်။


ယင်းမြေသားဖြည့်ထားသည့် နေရာမှာ အရှည်ပေ ၈၀ဝ ကျော်ရှိကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။


ထို့အပြင် ယင်းနေရာအနီးရှိ တောင် ပြိုထားသည့်နေရာနှင့် အလယ်စခန်း ကျေးရွာအနီး လမ်းပြတ်ကျသွားသည့် နေရာတို့တွင် ကွန်ကရစ် မြေထိန်းနံရံများ တည်ဆောက်မည်ဖြစ်ကြောင်း ဦးကျော်လင်းက ဆိုသည်။


ယမန်နှစ်မိုးရာသီက ပုံမှန်မဟုတ် သည့် မိုးရွာသွားမှုကြောင့် မလွှဲတောင် လမ်းပိုင်းတွင် တောင်ပြိုပြီး လမ်းပျက်စီး သွားသည့်နေရာ ၁၅ ခုရှိသည်။ ယခုနှစ် တွင် ပျက်စီးမှုများပြားသည့် အထက်ပါ နေရာ ၃ ခုတွင် ပြုပြင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။


မလွှဲတောင်လမ်းပိုင်း၌ ယခုကဲ့သို့ ပြုပြင်မှုကြောင့် လာမည့်မိုးရာသီတွင် ဆိုးဆိုးရွားရွား ပျက်စီးတော့မည်မဟုတ် တော့ကြောင်း ဦးကျော်လင်းက ဆိုသည်။


“ဒီနှစ်မှာလည်း ပုံမှန်မိုးရေချိန် အတိုင်းဆိုရင် ကျွန်တော်ထင်တယ် ဖြစ်စရာအကြောင်းကို မရှိဘူး။ တောင်က အခုမှ ချဲ့ထားတာ ဖြစ်တဲ့အတွက် မြေသားမငြိမ်သေးလို့ နည်းနည်းပါးပါး ပြိုကျတာမျိုးပဲရှိမယ်။ လမ်းပိတ်လောက် အောင် မဖြစ်ဘူး”ဟု ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်လင်း(မြို့ပြ)က ပြော သည်။


အထက်ပါ ပြုပြင်မည့်နေရာအား လုံးတွင် ကွန်ကရစ်လမ်းခင်းမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။


ယမန်နှစ် မိုးရာသီက မိုးသည်း ထန်စွာရွာသွန်းပြီး မြေပြိုမှုများကြောင့် ပြည်ထောင်စုလမ်းမပေါ် ပျက်စီးဆုံးရှုံးမှု များကို အပြီးသတ် ပြုပြင်နိုင်ရန် လမ်း ဦးစီးဌာနရုံးချုပ်(ဆောက်လုပ်ရေးဝန် ကြီးဌာန)ထံ ငွေကျပ် ၄ ဒသမ ၈ ဘီလီယံ တောင်းခံထားကြောင်း လမ်းဦးစီးဌာန ထံမှ သိရသည်။


မိုးရာသီက ပျက်စီးခဲ့သည့် လမ်း ဦးစီးဌာနပိုင် လမ်းတံတားများ ရေရှည် တည်တံ့ကောင်းမွန်အောင် ပြုပြင်ခြင်း လုပ်ငန်းများအတွက် ငွေကျပ် ၁၂ ဘီလီယံကျော် သုံးစွဲရမည် ဖြစ်ကြောင်း လမ်းဦးစီးဌာနက ထုတ်ပြန်ခဲ့ဖူးသည်။


တစ်ဘီလီယံသည် သန်းပေါင်း တစ်ထောင်နှင့် ညီမျှသည်။

ကိုဇော်