တနင်္သာရီတိုင်းဥပဒေသစ်နှစ်ခု အတည်ပြုမည်

0
1027

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဥပေဒ နှစ်ခု အတည်ပြုရန်ရှိကြောင်း တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး ထံမှ သိရသည်။


အစည်းအဝေးတွင် ဥပဒေသစ်နှစ်ခုကို ဆွေးနွေးအတည်ပြုခြင်း၊ မေးခွန်းမေးမြန်းခြင်းတို့ ပါဝင်မည်ဖြစ်ပြီး အဆိုများ တင်သွင်းနိုင်ရန်လည်း ကြိုးစားနေကြောင်း ဦးခင်မောင်အေးကပြောသည်။
ဆွေးနွေးအတည်ပြုမည့်ဥပဒေနှစ်ခုကို “တိုင်းဒေသကြီး အသေးစားနှင့် လက်လုပ်လက်စားသတ္တုတွင်းဥပဒေ” နှင့် “အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဥပဒေ” ဟု မူကြမ်းအားဖြင့် အမည်ပေး ထားပြီး လာမည့်အပတ်တွင်း ကျင်းပမည့် တိုင်းလွှတ်တော်ဥပဒေပြုကော်မတီအစည်းအဝေးတွင် ဥပဒေအမည် ဆွေးနွေးအချောသပ်ကာ လွှတ်တော် အစည်းအဝေးတွင်အတည်ပြုမည်ဟု ဦးခင်မောင်အေးက ပြောသည်။


“မေးခွန်းကတော့ ထုံးစံအတိုင်း အစိုးရအဖွဲ့ကို စောင့်ကြည့်ထိန်းညှိတဲ့ မေးခွန်းတွေပေါ့” ဟု ဦးခင်မောင်အေးက ပြောသည်။


အစည်းအဝေးကျင်းပရက်ကို ဧပြီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိလျာထား သည်ဟု ၎င်းကပြောသည်။


ယခုကျင်းပမည့်တိုင်းလွှတ်တော်အစည်းအဝေးသည် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးဖြစ်ပြီး ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၀ခုနှစ် ဇန်နဝါရီလကုန်က ကျင်းပခဲ့သည်။


ယခုကျင်းပမည့်လွှတ်တော်တွင် အတည်ပြုရန်ရှိသော “တိုင်းဒေသကြီးအသေးစားနှင့်လက်လုပ်လက်စား သတ္တုတွင်း ဥပဒေ” မူကြမ်းကို သတ္တု လုပ်ကိုင်သည့် ဒေသခံများအား တိုင်းလွှတ်တော်က လာရောက်ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများအားလွှတ်တော်သို့ ဖိတ်ခေါ်ဆွေးနွေးခြင်းတို့ ရှိခဲ့ သဖြင့် ဒေသခံများ၊ အရပ်ဘက်အဖွဲ့ အစည်းများက ဥပဒေမူကြမ်း အပေါ် ဆွေးနွေးအကြံပြုခွင့် ရရှိခဲ့ကြောင်း မြန်မာ နိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ် အဖွဲ့ (MATA- တနင်္သာရီတိုင်းဒေသကြီး) ကိုယ်စားလှယ် ဦးစံငွေက ပြောသည်။


သို့သော် ၎င်းတို့၏ ဆွေးနွေးချက်များ ယခုအတည်ပြုမည့်ဥပဒေတွင် ပါ မပါ ကိုမူ မသိရသေးကြောင်း ဦးစံငွေက ပြောသည်။


“အခုချိန်ထိတော့ဥပဒေမူကြမ်း မတွေ့ရသေးဘူး။ ကျွန်တော်တို့ဆီလည်း မပို့လာဘူး၊ (အချောသတ်ထားတဲ့ ဥပဒေမူကြမ်းမှာ) ကျွန်တော်တို့ ဆွေး နွေးထားတဲ့အချက်တွေပါ၊ မပါ တောင်း ကြည့်မှရမယ်” ဟု ၎င်းက ဆိုသည်။