ထီးခီးမြို့စီမံကိန်း ရေးဆွဲရန် တနင်္သာရီတိုင်းအစိုးရ စပြင်

0
3932

ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးဒေသကို မြို့ပြဖွံ့ဖြိုးရေးပုံစံရေးဆွဲရန် စတင်ပြင်ဆင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က ပြောကြားသည်။


ထီးခီးမြို့ပြစီမံကိန်း ရေးဆွဲရေးနှင့်ပတ်သက်သည့် ပထမဆုံးအစည်းအဝေး ကို မတ်လ ၁၀ ရက်နေ့ ပြုလုပ်ခဲ့ခြင်းဖြစ်သည့်အတွက် မြို့ပြ အကျယ်အဝန်းနှင့် ပြီးစီးမည့်အချိန်ကို မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။


ထီးခီးဒေသက မြန်မာနိုင်ငံ၏ မျက်နှာစာဖြစ်နေသည့်အတွက် ထည်ဝါခန့်ညားသည့် နယ်စပ် ဝင်ပေါက်ဂိတ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ မြို့ပြစီမံကိန်း ရေးဆွဲရခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးကျော်မင်း က ပြောသည်။ ထီးခီးနှင့် ကပ်လျက်ရှိသည့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ကုန်သွယ်ရေးဇုန်ကို ထည်ဝါစွာ တည် ဆောက်ထားကြောင်း ၎င်းက ဆိုသည်။


“ကျွန်တော်တို့ နိုင်ငံဘက်ကလည်း ဒီလိုပုံစံမျိုး တစ်နည်အားဖြင့် နိုင်ငံတကာ ပြယုဂ်မှာ တကယ်ကို ပြလို့ရတဲ့အနေ အထားတစ်ခု ဖြစ်လာဖို့အတွက် ပထမဆုံးအနေနဲ့ ကြိုးစားနေခြင်း ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးကျော်မင်းက ပြောသည်။


ထီးခီးနယ်စပ်ကုန်သွယ်ရေးဇုန်နှင့် မြို့ပြဒေသ အကျယ်အဝန်းကို ဧက ၆၀ဝ ခန့် သတ်မှတ်နိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။


ထီးခီးကုန်သွယ်ရေးဂိတ်အနီးတွင် မယ့်သမီးခီး(ထီးခီး) စက်မှုဇုန် အကောင်အထည်ဖော်ရန် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားပြု ကုမ္ပဏီက အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်။


ထီးခီး မြို့ပြစီမံကိန်းမြေနေရာနှင့်ပတ်သက်၍ မယ့်သမီးခီး စက်မှုဇုန် စီမံကိန်းတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။


မယ့်သမီးခီးစက်မှုဇုန်မှာ ထီးခီး မြို့ပြအတွင်း ပါဝင်လာမည်ဖြစ်ကြောင်း အထက်ပါစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် Sun and Rainbow ကုမ္ပဏီ ဒါရိုက်တာဖြစ်သူ ဦးရဲမြင့်က ဆိုသည်။ တနင်္သာရီတိုင်းအတွင်း မြို့ပြစီမံကိန်း ၆ ခု အတည်ပြုထားပြီး ဖြစ်သည်။