သဲထုတ်ရန် လိုအပ်သဖြင့် အိမ်ခြေ ၃၀ဝ ရှိ ရွာကို ဝန်ကြီးဌာနပိုင်အဖြစ် ဆက်ထား

0
654

ကော့သောင်းခရိုင်အတွင်း အိမ် ခြေသုံးရာခန့်ရှိ ကျေးရွာတစ်ရွာကို မှန် ထုတ်လုပ်ရေးအတွက် သဲထုတ်ရန် လိုအပ် သဖြင့် ဝန်ကြီးဌာနပိုင်အဖြစ် ဆက်ထား မည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရ ဒုတိယ ဝန်ကြီးတစ်ဦးက ပြောသည်။

အလယ်မာန်ကျေးရွာအုပ်စုရှိ အလယ် မာန်ဟောင်း မြေနေရာ သဲထုတ်လုပ်ရေး စခန်းမြေကို ဌာနအနေဖြင့် ပြန်လည်စွန့် လွှတ်ပေးနိုင်ခြင်း မရှိသေးကြောင်း စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း က ပြောဆိုသည်။

မတ်လ ၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ယင်းသို့ပြောကြားခဲ့ ခြင်း ဖြစ်သည်။

ဘုတ်ပြင်းမဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးနေလင်းထွန်းက ထိုအလယ်မန်ရွာဟောင်းမြေနေရာကို သိမ်းယူထားခြင်းမှ ပယ်ဖျက်၍ ကျေးရွာ ပိုင်မြေအဖြစ် ပြန်လည်တိုင်းတာသတ် မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှု ကို ဒုဝန်ကြီးက ယင်းသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထိုမြေနေရာမှာဓာတ်သတ္တုအကြီး စားထုတ်လုပ်ခွင့်ပြုမိန့်ရရှိပြီးဖြစ်ကာ လေ့လာတွေ့ရှိချက်များအရ အဆင့်မြင့် မှန်ထုတ်လုပ်မှုအတွက် လိုအပ်သောကုန် ကြမ်းသဲများ ထုတ်လုပ်နိုင်သည့်သဲလုပ် ကွက်တစ်ခုဖြစ်ကြောင်း၊ ခွင့်ပြုဧရိယာ အားလုံး အသုံးပြုနိုင်မှသာ မှန်စက်ရုံများ အတွက် လိုအပ်သောသဲကုန်ကြမ်းများအပြည့်အဝ ဖြည့်ဆည်းနိုင်မည်ဖြစ် ကြောင်းစသည့်အချက်အလက်များကိုအခြေခံပြီး ပယ်ဖျက်ပေးနိုင်ခြင်းမရှိဟု ဒုဝန်ကြီးက ဖြေဆိုခဲ့သည်။

မြေဧကအားဖြင့် စုစုပေါင်း ၁၉၅.၃၄ ဧကကျယ်ဝန်းကာ ၎င်းအလယ်မာန်သဲ လုပ်ကွက်ကို ယခင် မြန်မာ့ ကြွေထည်၊ မြေထည်လုပ်ငန်းတွင်ရှိသည့်မှန်စက်ရုံ (ပုသိမ်)နှင့်ဖန်ချက်စက်ရုံ(သန်လျင်)တို့ အတွက်သဲကုန်ကြမ်းများထုတ်လုပ်ရန် ၁၉၈၄ ခုနှစ်က အစိုးရက သိမ်းယူခဲ့သည်။

ထို့အပြင် သဲထုတ်လုပ်ရေးစခန်း မြေဧရိယာ ၁၉၅.၃၄ဧကအနက် ဖန်ချက် သဲတူးဖော်ထုတ်လုပ်နိုင်ရေးအတွက် မြေ ၁၉၄.၃၄ဧကကို ဓာတ်သတ္တုအကြီး စား ထုတ်ခွင့် မိန့်ဖြင့် ချထားပေးခဲ့သည်။

၂၀ဝ၂ ခုနှစ်တွင် ထိုသို့ ချထားပေး ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုမိန့်သက်တမ်း ၂၅ နှစ် ဖြစ်သည်။
ယင်းခွင့်ပြုသဲလုပ်ကွက်ဧရိယာအတွင်းရှိ အလယ်မာန်ကျေးရွာဟောင်း၏ မြေနေရာများလည်း ပါရှိခဲ့ပါကြောင်းဝန် ကြီးက ဖြေဆိုသည်။

သဲထုတ်လုပ်မှုသည်အလယ်မာန်ကျေးရွာဟောင်း၏ နေအိမ်များနှင့်အလွန် တရာ နီးကပ်လာပြီး သဲကုန်ကြမ်းများသယ်ဆောင်ရာတွင်အခက်အခဲများ ဖြစ် ပေါ်ခဲ့သည့်အတွက် အဆိုပါရွာဟောင်းအား လုပ်ငန်းခွင်နှင့်ကင်းလွတ်ရာဖြစ်သည့် ယခုအလယ်မာန်ကျေးရွာအသစ် သို့ ၁၉၉၇ ခုနှစ်ဇူလိုင်လမှစ၍ ပြောင်းရွှေ့ ပေးခဲ့ပါကြောင်း ဒုဝန်ကြီးဖြေဆိုခဲ့သည်။

မေးခွန်းမေးမြန်းသည့် လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းထွန်းကထိုအလယ်မန်ရွာဟောင်းမြေနေရာကို သိမ်းယူခဲ့စဉ်က တပ်မတော်အစိုးရလက်ထက် ဖြစ်ပြီး အမိန့်အာဏာဖြင့် အတင်းအဓမ္မ ပြောင်းခိုင်းခဲ့ရာ အချို့က မပြောင်းရွှေ့ဘဲ ကျန်ရစ်ကြကြောင်း ပြောသည်။

လက်ရှိအချိန် အလယ်မာန်ရွာ ဟောင်းတွင် အိမ်ခြေ ၃၀ဝရှိနေပြီးထို အိမ် များမှာ မိမိနေသည့်မြေကို မိမိတို့မပိုင် ဆိုင်ဖြစ်နေရပြီးဌာနမှ မြေအနည်းငယ်စွန့် လွှတ်လိုက်ပါက အားလုံးအဆင်ပြေသွား နိုင်သည့် လက်ရှိအခြေအနေကို ဝန်ကြီး အနေနှင့် ကွင်းဆင်းပြီးမှ ဖြေဆိုသင့် ကြောင်း ဆက်စပ်မေးခွန်းမေးခဲ့ရာ ဝန်ကြီး ကကွင်းဆင်းပါမည်ဟု ဖြေဆိုခဲ့သည်ဟု ဦးနေလင်းထွန်းက ပြောသည်။

“အကုန်လုံး ခိုင်ခိုင်မာမာရှိနေတဲ့ရွာ ကြီးကို သူတို့(ဝန်ကြီးဌာနမြေအဖြစ်က) မပယ်ဖျက်နိုင်ဘူးပြောတယ်။ မိသားစု ပေါင်းမြောက်မြားစွာ၊ ရာနဲ့ချီတဲ့မိသားစု အပေါ်အလွယ်တကူဖြေသွားတဲ့ပုံစံပဲ” ဟု ဦးနေလင်းထွန်းက ပြောသည်။

ပြည်သူ့လွှတ်တော်ရင်းနှီးမြှုပ်နှံမှု နှင့်စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်တစ်ဦးလည်းဖြစ်သည့် ဦးနေ လင်းထွန်းက အလယ်မာန်ရွာဟောင်း အရေး ၎င်း၏ကော်မတီဝင်များနှင့် တိုင် ပင်ကာ လွှတ်တော်ကော်မတီဘက်မှ ဆက် လုပ်ရန် ပြင်ဆင်သွားမည်ဟု ပြောသည်။

အလယ်မာန်ရွာဟောင်းသည် လူနေ အိမ်နှင့် စာသင်ကျောင်း၊ သုဿာန်၊ ဘုန်း တော်ကြီးကျောင်း စသည့် အများပိုင် မြေများအပါအဝင် ကျေးရွာမြေစုစုပေါင်း ၆၆ ဧက ကျယ်ဝန်းကြောင်း အလယ်မာန် ကျေးရွာတာဝန်ခံ ဦးတင်ထွန်းက ပြောသည်။

ယင်း မြေဧက ၆၆ ဧကကို ကျေးရွာ ပိုင်မြေအဖြစ် ချန်လှပ်ပြီး ကျန်မြေဧရိယာကို ဌာနပိုင်မြေ ဆက်ထားပါက ကန့်ကွက် ရန်မရှိကြောင်း ရွာသားများအား ဘုတ်ပြင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူက မတ်လ ၆ ရက်က လက်မှတ်လာထိုးခိုင်း သဖြင့် ရွာသား ၈၀ ကျော် လက်မှတ်ထိုး ပေးလိုက်သည်ဟု ၎င်းက ပြောသည်။

“ခရိုင်တင်ရမယ်ဆိုပြီး လက်မှတ် လာထိုးခိုင်းတယ်။ တကယ်လည်း နိုင်ငံ တော်အတွက်လိုအပ်တယ်၊ ကျွန်တော်တို့ ရွာလည်း မထိခိုက်ဘူး၊ လမ်းတွေလည်း မထိခိုက်ဘူး ဆိုရင်တော့ (လက်မှတ်) ထိုးပေးရမယ်ပေါ့လေ” ဟု ဦးတင်ထွန်းက ပြောသည်။

Dawei Watch