သင်္ကြန်အတာအိုးများ ကော့သောင်းဈေးကွက်တင်ပို့ရန် ခက်ခဲနေ

0
1066

လှေအခက်အခဲကြောင့် သင်္ကြန် အတာအိုးများ ကော့သောင်းဈေးကွက်သို့ တင်ပို့ရန် အခက်အခဲဖြစ်နေကြောင်း ထားဝယ် အိုးလုပ်ငန်းလုပ်ကိုင်သူများ ထံမှ သိရသည်။

သင်္ကြန်အတာအိုးများကို ကော့ သောင်းဈေးကွက်သို့ မတ်လခန့်တွင် လှေဖြင့် နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင် လှေအခက်အခဲကြောင့် မတင်ပို့နိုင်သေးဘဲဖြစ်နေကြောင်း ထားဝယ် အိုးလုပ်ရပ်ကွက်မှ အိုးလုပ်ငန်းလုပ်ကိုင် သည့် မပန်းအိဖြူက ပြောသည်။

“လှေက အရင်က ကော့သောင်း ကမ်းကို ကပ်တယ်။ အခုလှေသမားတွေ ပြောတာတော့ ကမ်းကိုကပ်ပြီး လှေပြန် ထွက်တဲ့အချိန် ထွက်စာ(လက်မှတ်)ယူရ တာ အရမ်းကြာလို့ဆိုပြီး ရနောင်းကိုပဲ တိုက်ရိုက်ကပ်တော့တယ်။ ကော့သောင်း ကမ်းကို လှေမကပ်တော့၊ ပစ္စည်းပို့ဖို့ လမ်းပန်း အခက်အခဲဖြစ်နေတော့ ပင်ပန်း နေတာပေါ့” ဟု မပန်းအိဖြူက ဆိုသည်။

အိုးဈေးကွက်သည် ထားဝယ်ခရိုင် နှင့် ကော့သောင်းဈေးကွက်ကို အဓိက ထား ရောင်းချနေရကြောင်း သိရသည်။

ကော့သောင်းဈေးကွက်မှာ ထိုင်း နိုင်ငံ ရနောင်းအထိ အားထားရောင်းချ နေရသည့်ဈေးကွက်တစ်ခုဖြစ်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူအချို့က ဆိုသည်။

သင်္ကြန်အတာအိုး တစ်ခြင်းလျှင် လှေခ ကျပ် ၂၀ဝ၀ သာပေးရပြီး ကားခ မှာ တစ်ခြင်းလျှင် ကျပ် ၆၀ဝ၀အထက်ရှိ သည်ဟု မပန်းအိဖြူက ပြောသည်။

ကားဖြင့်တင်ပို့ပါက ပို့ခစရိတ်ကြီး သည့်အပြင် အိုးလည်း ကွဲလေ့ရှိကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခင်သူဇာက ပြောသည်။

“ကွဲတာက ကားမှာ အကွဲများတယ် လေ။ လှေမှာတော့ ကွဲနည်းတယ်။ ဖောက် သည်တွေက အဲလို ကားခတွေဈေးကြီး တယ်ဆိုတော့ ရောင်းမကိုက်ဘူးပေါ့” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ကော့သောင်းသို့ အတာအိုး အလုံး ၅၀ဝ၀ ခန့်ပို့နေရသော် လည်း ယခုနှစ်တွင် ရာဂဏန်းခန့်သာ ပို့ရပြီး ဖောက်သည်များမှာ ကားခဈေး ကြီးသဖြင့် အဝယ်နည်းသွားသည်ဟု ၎င်းက ပြောသည်။

အတာအိုးအငယ်တစ်ခြင်းလျှင် အလုံးရေ ၁၀ဝ အတာအိုးကြီးမှာ ၆၀ ပါသည်ဟု ၎င်းက ပြောသည်။

Dawei Watch