နွေရာသီ မွန်စာသင်တန်းများ စဖွင့်

0
417

နွေရာသီ မွန်စာသင်တန်းကို မတ်လဆန်းမှစပြီး မြို့နယ်တချို့တွင် စတင်ဖွင့်လှစ် သင်ကြားနေပြီဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ထံမှ သိရသည်။

နွေရာသီ မွန်စာသင်တန်းကို မွန် လူမျိုးတို့၏ စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးစေလိုသည့် ရည်ရွယ်ချက် ဖြင့် နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်သင်ကြားပေး လျက် ရှိသည်။

မုဒုံမြို့နယ်တွင် မတ်လ ၄ ရက် တွင် စဖွင့်ပြီး သင်တန်းဖွင့်ရက် တစ်မြို့ နယ်နှင့် တစ်မြို့နယ် မတူကြောင်း မွန် ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး နိုင်မွန် ရာဇာက ပြောသည်။

“မုဒုံမြို့နယ်ကတော့ အစောဆုံး ဖွင့်တာ ဖြစ်တယ်။ ကျန်တဲ့မြို့နယ်တွေမှာ လည်း ဒီမတ်လအတွင်းမှာ ဖွင့်သွားကြမယ်” ဟု နိုင်မွန်ရာဇာက ပြောသည်။

နွေရာသီ မွန်စာသင်ကြားမှုကို မွန် ပြည်နယ်တွင်သာမက မွန်လူမျိုးများနေ ထိုင်ရာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေး တိုင်းဒေသကြီး အစရှိသည့် မွန်လူမျိုး များနေထိုင်ရာ နေရာဒေသတို့တွင်လည်း ဖွင့်လှစ်သင်ကြားလေ့ရှိသည်။

ယမန်နှစ်က မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ မြို့နယ်ပေါင်း ၁၈ မြို့နယ်တွင် ကျောင်း သူ ကျောင်းသားပေါင်း ၈ သောင်းကျော် အထိ နွေရာသီမွန်စာသင်တန်းသို့ တက် ရောက်ခဲ့ကြောင်း သိရသည်။

“နွေရာသီ မွန်စာပေသင်ကြားတဲ့ ကျောင်းသူ/သားတွေလည်း တစ်နှစ်ထက် တစ်နှစ်ကို ပိုပြီးတော့ များလာတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မွန်စာသင် ကြားမှု အပေါ်မှာ လူတွေစိတ်ဝင်စား လာကြတယ်လို့ မြင်တယ်” ဟု နွေရာသီ မွန်စာပေသင် ကြားမှုသင်တန်းတွင် ဆရာမအဖြစ် ဝိုင်းဝန်းကူညီပေးနေသူ မိဂိုနွန်က ပြောသည်။

နွေရာသီ မွန်စာသင်ကြားမှုသင်တန်း ကို သံဃာတော်များကသာ ဦးဆောင် သင်ကြားပေးကြပြီး ကျောင်းသူ၊ ကျောင်းသား ပိုများလာနေသည့်အတွက် သင်ကြားပေးသည့်ဆရာ အခက်အခဲရှိကြောင်း ကျောင်းသူ ကျောင်းသား ထောင်နှင့်ချီကို မွန်စာသင်ကြားပေးနေသည့် မော်လမြိုင် မြို့ပေါ်ရှိ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ်ထံမှ သိရသည်။

လွတ်လပ်ရေးရရှိပြီးစ ဦးနု အစိုးရ လက်ထက်က အစိုးရကျောင်းများတွင် မွန်စာပေကို တရားဝင် သင်ကြားခွင့် ပေးခဲ့သော်လည်း မဆလ အစိုးရလက် ထက် ၁၉၆၂ ခုနှစ်မှစပြီး မွန်စာပေကို တရားဝင် သင်ကြားခွင့် မရရှိတော့ဘဲ ကျောင်းအချို့တွင်သာ နားလည်မှုဖြင့် အချိန်ပိုင်း သင်ကြားခွင့် ရရှိခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မွန် စာသင်ကြားခွင့်ကို လုံးဝ ပိတ်ပင်ခံခဲ့ရ ကာ နောက်ပိုင်းတွင် မွန်စာကို နွေရာသီ အချိန်တွင် ဘုန်းတော်ကြီးကျောင်းများ၊ အစိုးရစာသင်ကျောင်းများတွင် သံဃာ တော်များက သင်ကြားပေးလာခဲ့သည်။

တစ်ဖန် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ နောက်ပိုင်းကာလတွင် အစိုးရ ကျောင်းတွေမှာ မွန်စာသင်ကြားခွင့် ပြန်လည် ရရှိလာခဲ့ပြီး အတိုင်းတာတစ်ခုထိ အကောင်အထည်ဖော်နိုင်ခဲ့သော်လည်း လက်ရှိ NLD ဦးဆောင်အစိုးရ လက်ထက် မှာတော့ မွန်စာသင်ကြားမှု အခြေအနေ သည် ထင်သလောက် အောင်မြင်မှုမရှိ ကြောင်း မွန်စာပေဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းနေသူတို့က ပြောဆိုနေကြသည်။