ရေဖြူမြို့နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ထပ်ဖြစ်

0
670

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် မျောက်ချောကျေးရွာအနီးတွင် မြေ မြှုပ်မိုင်းပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည် ဟု ဒေသခံနှင့် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တာဝန်ရှိသူများထံမှ သိရ သည်။

ဖေဖော်ဝါရီ ၂၉ ရက် ညနေ ၃ နာရီ ဝန်းကျင်က ရေဖြူမြို့နယ် မျောက်ချော ကျေးရွာနေ ကိုစိုးဝင်းဆိုသူက ခြံမီးလောင် နေသည်ကို သွားငြိမ်းသတ်ရန် ဆိုင်ကယ် ဖြင့် ခြံသို့အသွား လမ်းတွင် မြေမြှုပ်မိုင်း နင်းမိခြင်းဖြစ်ကြောင်း မွန်ပြည်သစ် ပါတီ ထားဝယ်ခရိုင်တာဝန်ရှိများထံမှ သိရသည်။

အဆိုပါ မြေမြှုပ်မိုင်း နင်းမိပြီး ပေါက်ကွဲမှုကြောင့် ကိုစိုးဝင်းစီးနင်းလာ သည့်မော်တော်ဆိုင်ကယ်ပျက်စီးသွားပြီး ၎င်း၏ လက်တွင် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိသွားသည်ဟု သိရသည်။

“အခုဖြစ်တဲ့နေရာက အလယ်စခန်း နဲ့ နည်းနည်းဝေးတဲ့ မျောက်ချောရွာအနားမှာ ဖြစ်သွားတာ။ ခြံမီးလောင်နေတာကို မီးငြိမ်းဖို့ အသွားလမ်းမှာ နင်းမိတယ်။ မိုင်းတွေက လမ်းမှာပဲ ထောင်ထားတာ” ဟု အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ပြောသည်။

ရေဖြူမြို့နယ် အလယ်စခန်းကျေး ရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှစပြီး ဒေသခံတို့ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံ၊ ဒေသခံတို့သွားလာနေသည့် လမ်းတွင် မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲ သည့်ဖြစ်စဉ် ၈ ကြိမ်ထက်မနည်း ဖြစ်ပွား ခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုလည်း ရှိခဲ့ကြောင်း အလယ်စခန်းကျေးရွာအုပ် ချုပ်ရေးမှူးထံမှ သိရသည်။

“ဒီမိုင်းကြောင့်နဲ့ ကျွန်တော်တို့ ဒေသကလူတွေ တော်တော်လေး ဒုက္ခ ရောက်ကြရတယ်။ အားလုံးကလည်း ခြံပဲ လုပ်ကြတယ်။ ခြံသွားတော့ မိုင်း နင်းမိတယ်။ တချို့လည်း ကြောက်လို့ မသွားကြဘူး။ တချို့ကလည်း ကြောက် ပေမယ့်လည်း မသွားလို့လဲမရ မလုပ်လို့ လဲမရ သတိနဲ့ လုပ်နေကြရတယ် အခု လည်း ပေါက်ပြန်ပြီ။ ဒေသခံတွေက အကြောက်တရားနဲ့ အလုပ်လုပ် နေကြရ တယ်” ဟု ဒေသခံတစ်ဦးဖြစ်သည့် နိုင်အောင်ကြည်က ပြောသည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် ဒေသတဝိုက်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့နှင့် မွန် ပြည်သစ်ပါတီတပ်ဖွဲ့တို့ လှုပ်ရှားသွား လာနေသည့်ဒေသဖြစ်ပြီး တစ်ခါတစ်ရံ မြန်မာ့တပ်မတော်တပ်ဖွဲ့တို့လည်း သွား လာလေ့ရှိသည်ဟု သိရသည်။

မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားသည့်ဒေသသည် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တို့အကြား နယ်မြေ အငြင်းပွားမှုဖြစ်ပွားနေသည့် ဒေသလည်း ဖြစ်ပြီး မြေမြှုပ်မိုင်းကိစ္စနှင့် ပတ်သက်ပြီး ၄င်းတို့ထောင်ထားခြင်းမဟုတ်ကြောင်း နှစ်ဖွဲ့စလုံးက ငြင်းဆိုထားသည်။

ရေဖြူမြို့နယ်အတွင်းက မြေမြှုပ် မိုင်းကိစ္စကို ဖြေရှင်းနိုင်ရန် မွန်ပြည်သစ် ပါတီက အစိုးရထံ တင်ပြထားသကဲ့သို့ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့်လည်း ညှိနှိုင်းဆွေးနွေးနေသည်ဟုဆိုသော်လည်း ယနေ့အချိန်ထိ တစ်စုံ တစ်ရာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။

Dawei Watch