ထားဝယ်ခရိုင်အတွင်း အရေးယူခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ဦးသာရှိ

0
908

ထားဝယ်ခရိုင်တွင် ၂၀၁၉ ခုနှစ် အတွင်း အရေးယူခံရသည့် ရပ်ကျေးအုပ် ချုပ်ရေးမှူးတစ်ဦးသာရှိကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

လောင်းလုံးမြို့နယ်အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကို စာဖြင့် သတိပေးကာ အရေးယူခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

သို့ရာတွင် ယင်းရပ်ကွက်/ ကျေးရွာ အမည် သို့မဟုတ် အုပ်ချုပ်ရေးမှူး၏ အမည်၊ မည်သည့်အပြစ်ကို ကျူးလွန်ခဲ့ သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အဆိုပါအုပ်ချုပ်ရေးမှူးကို တိုင် ကြားလာသည့်အတွက် စစ်ဆေးချိန်တွင် ကျူးလွန်ကြောင်းပေါ်ပေါက်သည့်အတွက် စာဖြင့်သတိပေးကာ အရေးယူခဲ့ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။

“အဓိကကတော့ တိုင်ကြားခံရတဲ့ အခါမှာ စစ်ဆေးပေါ်ပေါက်လို့”ဟု ဦးအောင်စိုးမိုးက ပြောသည်။

အုပ်ချုပ်ရေးမှူးကို စာဖြင့်သတိပေး ခြင်းကလည်း ဥပဒေအရ အပြစ်ပေးအရေး ယူခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိနယ်မြေအတွင်း ခွင့်ပြုချက်မဲ့ မြေအကွက်ရိုက်ရောင်းချခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်း၊ လောင်းကစားဝိုင်း များပြုလုပ်နေခြင်း စသည့် ဥပဒေနှင့် မညီသည့်လုပ်ငန်းများရှိပါက သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး များတွင် တာဝန်ရှိကြောင်း ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူးက ပြောဆိုထားသည်။

အခြားနည်းအသုံးပြုခွင့်မရှိဘဲ လယ်ယာမြေပေါ်တွင် အကွက်ရိုက် ရောင်းချမှုများ တွင်ကျယ်နေဆဲဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး များက သိရှိနိုင်မည်သာဖြစ်ကြောင်း ထားဝယ်မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။

ထိုသို့လုပ်ဆောင်နေမှုအပေါ် တား မြစ်ရန်/သတင်းပို့ရန် ပျက်ကွက်မှုသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို တိတိ ကျကျ အရေးယူသင့်သကဲ့သို့ မြို့နယ် နှင့်ခရိုင်အုပ်ချုပ်ရေးမှူးများကလည်း သေချာစွာ ကြပ်မတ်ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ်တွင် ရပ်ကျေးအုပ်ချုပ် ရေးမှူး အရည်အချင်းပျက်ယွင်းသည့် အတွက် သရက်ချောင်းမြို့နယ်နှင့် လောင်းလုံး မြို့နယ်အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦးစီကို တာဝန်မှ ရပ်စဲခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံ မှ သိရသည်။

ကိုဇော်