မတ်ပဲစိုက် တောင်သူများ တွက်ခြေမကိုက်

0
1304

ယခုနှစ်တွင် မတ်ပဲစတင်စိုက်ပျိုး စဉ်ကတည်းက အပင်အောင်မြင်မှုနည်း ပါးသည့်အပြင် ယခု သီးနှံပေါ်သည့် အချိန်တွင်လည်း သီးနှံထွက်နှုန်းကျဆင်း နေသဖြင့် တောင်သူများ တွက်ခြေမကိုက် ဘဲဖြစ်နေကြောင်း လောင်းလုံးမြို့နယ် တွင် မတ်ပဲစိုက်ပျိုးနေသည့် တောင်သူ အချို့ထံမှ သိရသည်။

လောင်းလုံးမြို့နယ်ရှိ ခမောင်းတောင်၊ ထိန်တွင်း၊ တောင်မင်းပြောင် ကျေးရွာ သားအများစုက မိုးစပါးရိတ်သိမ်းပြီး နောက် လယ်မြေကို ပြန်လည် ထွန်ယက် ကာ မတ်ပဲကို ဆက်လက်စိုက်ပျိုးကြသည်။

ယခုနှစ်မိုးရာသီက မိုးအပြတ်စော သဖြင့် မြေအစိုဓာတ်နည်းသည့်အပြင် မတ်ပဲစိုက်ပျိုးစတင်စိုက်ပျိုးစဉ်က လေ တိုက်ကြမ်းသောကြောင့် မျိုးစေ့အလေအလွင့်ဖြစ်ပေါ်ခဲ့သဖြင့် အပင်အောင်နှုန်း နည်းပါးခဲ့ကြောင်း ယင်းကျေးရွာတို့တွင် မတ်ပဲစိုက်ပျိုးနေသည့် တောင်သူအချို့ ထံမှသိရသည်။

“ငါးဧကလောက်ပျိုးကြဲရင် သုံးဧက လောက်ပဲ ပေါက်တယ်။ ပေါက်တဲ့အပင် တွေကလဲ နွယ်သိပ်မထွက်နိုင်ဘူး။ အသီးလဲ တစ်လုံးတလေပဲ သီးတာ။ နှစ်တိုင်းဆို ပုံနေအောင်ကို သီးတာ။ ရေတင်ပြီးစိုက်တဲ့သူတွေတော့ နည်းနည်း သက်သာတယ်”ဟု မတ်ပဲစိုက် တောင်သူ တစ်ဦးဖြစ်သည့် ခမောင်းတောင်ရွာသူ ဒေါ်ခင်မာဝေက ပြောသည်။

ဆောင်းရာသီတွင်လည်း မတ်ပဲ ပင်များအတွက် လိုအပ်သည့် နှင်းရေ အလုံအလောက်မရခဲ့သဖြင့် အသီးထွက် နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း မတ်ပဲ နှင့်နှမ်းစိုက်တောင်သူတစ်ဦးဖြစ်သည့် ထိန်တွင်းကျေးရွာသား ဦးရွှေဝင်းက ပြောသည်။

ယင်းအတွက်ကြောင့် ယမန်နှစ်က မတ်ပဲတစ်ဧကလျှင် တစ်သိန်းကျော်ကျန် ကြောင်းသိရသည်။ ယခုနှစ်တွင်မူ ရေတင် စိုက်ပျိုးသူများတွင် စိုက်စရိတ်ရနိုင်သော် လည်း အချို့တောင်သူများတွင် အရှုံးပေါ် နိုင်ကြောင်း တောင်သူအချို့က ခန့်မှန်း နေကြသည်။

ယခုနှစ်အတွက် မတ်ပဲဈေးနှုန်း မထွက်လာသေးသဖြင့် တောင်သူများက ခန့်မှန်းတွက်ချက်နေခြင်း ဖြစ်သည်။

“အခုဆိုရင် မျိုးစေ့ဖိုးနဲ့ လယ်ထွန်ခ ရှုံးနေပြီပေါ့။ မျိုးစေ့ အပင်မအောင်တော့ နှစ်တိုင်းထက်လဲ ပိုကြဲထားရသေးတာ” ဟု ဦးရွှေဝင်းက ဆိုသည်။

မတ်ပဲကို နိုဝင်ဘာလတွင် စတင် စိုက်ပျိုးပြီး ယခုအချိန်သည် မတ်ပဲနုတ် သည့် ရာသီဖြစ်သည်။

တနင်္သာရီတိုင်းရှိ လယ်မြေများသည် မတ်ပဲနှင့် နှမ်းစိုက်ပျိုးရန် မသင့်တော်သည့် မြေအမျိုးအစားများဖြစ် ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာန မျိုးစေ့တာဝန်ခံ ဦးဝင်းအောင်က ပြောသည်။

“ဒါပေမယ့် သီနှံစုံစိုက်ပျိုးတဲ့ အလေ့ အထဖြစ်လာအောင်တော့ ကျွန်တော်တို့ ဘက်က တောင်သူတွေကို တွန်းအား ပေးနေရတာပေါ့” ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းတွင် မတ်ပဲစိုက် ဧက ရာဂဏန်းခန့်သာရှိကြောင်း တိုင်း စိုက်ပျိုးရေး ဦးစီးဌာန မျိုးစေ့ဌာနခွဲထံမှ သိရသည်။

ကျော်သူစိုး