မောင်းမကန်ကမ်းခြေ ဘန်ဂလိုတွင် တည်းခိုနေသူများထံမှ မူးယစ်ဆေးများ ဖမ်းမိ

0
1325

မောင်းမကန်ကမ်းခြေရှိ ဘန်ဂလို တစ်ခုတွင် တည်းခိုနေသူများထံမှ စိတ်ကြွဆေးနှင့် ICE မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁ နာရီခွဲခန့်တွင် မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေရာ အခန်းအတွင်း တည်းခိုနေသည့် ထားဝယ်မြို့၊ ကြက်စား ပြင်ရပ်ကွက်နေ အသက် ၂၀ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတို့ကို တွေ့ရကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။

အဆိုပါ အမျိုးသားတွင် ICE မူးယစ်ဆေး ၂ ဂရမ်ခန့်ကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုအမျိုးသားကို စစ်ဆေးရာ ဖမ်းမိ သည့်မူးယစ်ဆေးကို သရက်ချောင်းမြို့ နယ်နေ ပဲဒက်ကျေးရွာနေ သူငယ်ချင်း အမျိုးသားထံမှ ဝယ်ယူခဲ့သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဆက်လက်ရှာဖွေရာ သရက်ချောင်း မြို့နယ်၊ ပဲဒက်ရွာနေ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်နေ အသက် ၁၉ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးကို တွေ့ရ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ အမျိုးသားထံမှ WY စိတ်ကြွဆေး ၁၄၁ ပြားနှင့် ICE မူးယစ် ဆေး ၅ ဂရမ်ခန့်ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မူးယစ်ဆေးများ ဖမ်းမိမှုနှင့် ပတ်သက် ၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ကို သက်ဆိုင်ရာ မူးစိတ်ပုဒ်မများဖြင့် သီးခြား စီအမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

Dawei Watch