နှစ်ရာချီသက်တမ်းရှိ ရွှေကျောင်းကြီးကို မည်သည့်ပုံစံပြန်ပြင်မည် မသိသေး

0
557

ထားဝယ်မြို့ရှိ နှစ်ရာချီသက်တမ်း ရှိနေပြီဖြစ်သော ရွှေကျောင်းကြီးကို ပြန်လည်ပြင်ဆင်ရာတွင် ရှေးမူလက်ရာ အတိုင်း သို့မဟုတ် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့်ပုံစံနှစ်ခု အနက် မည်သည့်ပုံစံဖြင့် ပြန်လည်ပြင် ဆင်မည်ကို မဝေခွဲရသေးကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီးက ပြောသည်။

ရွှေကျောင်းကြီး ပြန်လည်ပြုပြင်ရေး အတွက် တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် ဦးဆောင်သည့် ကော်မတီတစ်ရပ်ကို ယမန်နှစ်ကတည်းက ဖွဲ့စည်းထားခဲ့ သည်။

“အခုက ဝိဝါဒမကွဲသေးဘဲနဲ့ ဘယ်လို လုပ်ရမယ်ဆိုတာ မသိသေးဘူး။ မဆုံး ဖြတ်ရသေးဘူး ကော်မတီထဲမှာလေ”ဟု ဦးဟိုပင်က ဆိုသည်။

ခရီးသွားဧည့်သည်များ စိတ်ဝင်စား နိုင်သည့် ပုံစံအတိုင်း ပြည်လည်ပြင်ဆင် မည်ဆိုပါက ရွှေကျောင်းကြီးအတွင်း ဘုရင်အသုံးအဆောင်ပစ္စည်းဖြစ်သည့် ရာဇပလ္လင်၊ ဘုရင် သို့မဟုတ် မိဘုရား အဆောင်၊ ဘုရားခန်း စသည်တို့ကို အသစ်ထည့်သွင်း ဆောက်လုပ်ရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင် သုတေသနအသင်း ဥက္ကဋ္ဌဖြစ်သူ ဦးဇော်သူရကမူ ရွှေကျောင်း ကြီးအား ပြန်လည်ပြင်ဆင်ရခြင်း၏ အဓိက ရည်ရွယ်ချက်အတိုင်းသာ လုပ် ဆောင်သင့်ကြောင်း အကြံပြုသည်။

“ကော်မတီအနေနဲ့စဉ်းစားရမှာက ရည်ရွယ်ချက်ကဘာလဲ။ ရိုးရာဓလေ့ကို ထိန်းမှာလား။ ရိုးရာဓလေ့ကိုထိန်းရင်းနဲ့ ခရီးသွားလုပ်ငန်းကို လုပ်မှာလား။ လုပ်တဲ့လုပ်ငန်းမှာ ရည်ရွယ်ချက် ရှိတယ်။ အဲဒီရည်ရွယ်ချက်ကဘာလဲ အဲဒီရည်ရွယ်ချက် အတိုင်းလုပ်ပေါ့”ဟု ဦးဇော်သူရက ဆိုသည်။

ယင်းရွှေကျောင်းကြီး ပြန်လည် ပြင်ဆင်ရန်အတွက် နောက်ထပ်အခက် အခဲတစ်ခုမှာ တိုင်းအစိုးရတွင် ရန်ပုံငွေ မရှိခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးဟိုပင်က ပြောသည်။

ရွှေကျောင်းကြီး၏ လက်ရှိအခြေ အနေမှာ အမိုး၊ အကာ၊ ကြမ်းခင်းနှင့် မျက်နှာကျက်တို့မှ ပျက်စီးနေပြီဖြစ်ပြီး ပြန်လည်ပြင်မည့်အချိန်ကိုလည် ကော်မတီအနေဖြင့် လက်ရှိအခြေအနေ အထိ တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးပေ။

ယင်းကျောင်းပြန်ဆောက်နိုင်ရေးအတွက် လိုအပ်သည့်သစ်ရရှိရေးကို တိုင်း အစိုးရမှ အဓိက တာဝန်ယူဆောင်ရွက်ပေး မည်ဖြစ်ပြီး လက်ရှိတွင် သစ်တန်သုံး ဆယ်ကို မြန်မာ့သစ်လုပ်ငန်းထံမှ ဝယ်ယူ ထားပြီးဖြစ်ကြောင်း ဦးဟိုပင်က ပြောသည်။

ယင်းရွှေကျောင်းကြီးကို ထားဝယ် ဘုရင်းတစ်ပါး၏ နန်းဆောင်အဖြစ် အသုံးပြုရန် ဆောက်လုပ်ခဲ့ပြီး လွန်ခဲ့ သည့် နှစ်ရှစ်ဆယ်ကျော်က ပြုပြင်ထိန်း သိမ်းခြင်း တစ်ကြိမ်ပြုလုပ်ခဲ့ဖူးကြောင်း တိုင်းအစိုးရနှင့် ထားဝယ်သုတေသန အသင်းတို့ထံမှ သိရသည်။

လက်ရှိတွင် ရွှေကျောင်းကြီးမှာ နှစ်ပေါင်း ၂၅၀ ကျော်သက်တမ်းရှိနေပြီ ဖြစ်ကြောင်း ထားဝယ်ခရိုင် သုတေသန အသင်းထံမှ သိရသည်။

ကျော်သူစိုး