ပြည်ကြီးမဏ္ဍိုင်တွင် တောဆင်ရိုင်း တိုက်ခိုက်ခံရပြီး ရွာသားတစ်ဦး ဆေးရုံရောက်

0
3855

ပြည်ကြီးမဏ္ဍိုင်မြို့နယ်၊ ထောင်ငါး သိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ငါး ကျေးရွာတွင် တောဆင်ရိုင်း တိုက်ခိုက် ခံရပြီး အသက် ၂၇ နှစ်ရှိ ရွာသားတစ်ဦး မြိတ်မြို့ ဆေးရုံတင်ခဲ့ရကြောင်း ရွာသားများနှင့် ကာယကံရှင် မိသားစုထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီအချိန်က ချောင်းမွန်ငါး ကျေးရွာနေ ကိုကျော်ရဲသူ၏ ဥယျာဉ်ခြံစပ်တွင် တော မီးလောင်ကျွမ်းနေသည်ကို သွားရောက် မီးငြိမ်းသတ်စဉ် တောဆင်ရိုင်းနှင့် ပက်ပင်းတိုးကာ တိုက်ခိုက်ခံခဲ့ရကြောင်း ကာယကံရှင်က ပြောသည်။

“ဆင်နဲ့မျက်နှာချင်းဆိုင် တွေ့တော့ ကျွန်တော်ဝါးချုံထဲ ဝင်ပြေးတာ မမီဘူး။ နောက်ကနေ ပိတ်ကန်တယ် လိုက်နင်းတယ်” ဟု ကိုကျော်ရဲသူက ပြောသည်။

၎င်းကို ကန်သည့်ဆင်သည် ဟိုင်း ဆင်ဖြစ်ပြီး ဆင်ကန်ချက်ကြောင့် လဲကျနေစဉ် အဆိုပါဆင်သည် တောထဲသို့ ပြန်ဝင်ပြေးသွားကြောင်း ၎င်းက ပြောပြသည်။

ရွာနှင့်ဥယျာဉ်ခြံသည် တစ်နာရီခန့် လမ်းလျှောက်သွားရပြီး မီးငြိမ်းသတ်ရန် လာသည့် ရွာသားများမှ ၎င်းကိုကယ် တင်ခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

“ဆင်ကလည်း တောမီးလောင်တော့ ပြေးမိပြေးရာပြေးလာတာနေမှာ ပေါ့။ ထိထိမိမိမနင်းမိတော့ ဒီကောင်လေး တော်တော် ကံကောင်းသွားတယ်”ဟု ချောင်းမွန်ငါးကျေးရွာသား ဦးကျော်ထွေးက ပြောသည်။

ဆင်တိုက်ခိုက်ခံရ၍ ၎င်း၏ဘယ် ဖက်ပခုံးညှပ်ရိုးကျိုးပြီး ညာဘက်ခြေချင်း ဝတ်တွင် အသားကြေ သွားကြောင်း တက်ရောက်ကုဆေးကုသခံယူနေသည့် မြိတ်ဒက္ခိဏဆေးရုံကြီးနှင့် ကာယကံရှင် များ ထံမှသိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း တောဆင်ရိုင်း အန္တရာယ်ကြုံနေရသည့် ရွာ ပေါင်းနှစ်ဆယ်နီးပါးရှိသည့် အနက် အဆိုပါကျေးရွာအုပ်စုသည် မကြာခဏတောဆိုင် ရိုင်းများ၏ အန္တရာယ်ကြုံတွေ့ရခြင်း တောဆင်ရိုင်းမကြာခဏ အသတ်ဖြတ်ခံ ရခြင်းများ ရှိနေသည့် ကျေးရွာအုပ်စုဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ်သစ်တောဦး စီးဌာနနှင့် FFI အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင် အဖွဲ့မှ သိရသည်။

ကိုဆန်း