တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု ပြန်ခေါ်သက်သေ ကိုးဦး စစ်ရန်ကျန်

0
669

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အမှုတွင် ပြန်ခေါ်သက်သေ ကိုးဦးကို စစ်ဆေးရန် ကျန်ရှိကြောင်း တိုင်းတရား လွှတ်တော် ရုံးထံမှ သိရသည်။

အဆိုပါ အမှုတွင် ပြန်ခေါ်သက်သေ ၂၄ ဦးကို ပြန်လည်စစ်ဆေးပေးရန် စွဲချက်တင်ခံထားရသူများ ၏ ရှေ့နေများက တင်ပြထားပြီး ဖေဖော်ဝါရီလ ၂၅ ရက်အထိ ၁၃ ဦးကို စစ်ဆေးခဲ့ပြီးဖြစ် ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ဆိုသည်။

“ပယ်ခဲ့တာကတော့ နှစ်ဦးဖြစ် ပြီးတော့ စစ်ဆေးရန် ကျန်ရှိတာကတော့ ကိုးဦး ရှိပါတယ်” ဟု ဦးဇော်မင်းနိုင်က ပြောသည်။

ပြန်ခေါ်သက်သေအဖြစ်မှ တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့နှစ်ဦးကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေပုဒ်မ- ၅၅ ဖြင့် အမှု လေးခု စွဲချက်တင်ထားပြီး ယင်းအမှု လေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီ တာဝန်ရှိသူများ ပါဝင်ကာ ၎င်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ- ၅၅/၆၃ ဖြင့် ဇန်နဝါရီလ ၂၁ ရက်က စွဲချက်တင်ထားသည်။

အမှု၏ ၄၉ ကြိမ်မြောက်ရုံးချိန်း ဖြစ်သည့် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ရာဇဝတ်ကြီးမှု အမှတ် ၃/၂၀၁၉ အမှုမှ တိုင်းလျှပ်စစ် အင်ဂျင်နီယာ ဦးအောင်ဇော်ဦး၊ ၄/၂၀၁၉ အမှုမှ ဦးဝင်းကိုယုတို့ကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခဲ့သည်။

နောက်ရုံးချိန်းကို မတ်လ ၃ ရက်တွင် ပြန်လည်ချိန်းဆိုထားပြီး လမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဦး၊ F22 ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်စိုးပိုင်နှင့် အင်ဂျင်နီယာ ဒေါ်သူသူမော်၊ ကော့သောင်းမြေစာရင်း ရုံးမှ ဦးဝဏ္ဏထွန်း၊ သရက်ချောင်း မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဦးစီးမှူး အငြိမ်းစား ဦးမြင့်စိန်၊ ထားဝယ်လေဆိပ် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည့် ဦးထွန်းထွန်းဝင်းတို့ကို ပြန် ခေါ်သက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။

Dawei Watch