ရေလုပ်သားများ လူကုန်ကူးမခံရရေးစီမံရန် မွန်လွှတ်တော် တိုက်တွန်း

0
369

မွန်ပြည်နယ် ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ငန်းခွင်များရှိ ရေလုပ်သား များ လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများ မရှိစေရေး စီမံဆောင် ရွက်ပေးရန် မွန်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း တိုက်တွန်းလိုက်သည်။

ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ် မြောက် ပုံမှန်အစည်းအဝေး တွင် ရေလုပ်သားများနှင့် ဆက်စပ်သည့် လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များမရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံဆောင်ရွက်သွားရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ထောက်ခံဆွေးနွေးခဲ့ကာ အဆိုကို ကန့်ကွက်သူမရှိ လွှတ်တော်က ဖေဖော်ဝါရီ ၁၈ ရက်က အတည်ပြုလိုက်သည်။

မွန်ပြည်နယ် ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ကွက် ၁၄ ကွက်ရှိပြီး အဆိုပါ ငါးဖမ်းလုပ်ကွက် ၁၄ ကွက်တွင် လုပ်ကိုင် နေသည့် ငါးဖမ်းလုပ်ငန်းများသည် တရားဝင်လိုင်စင်ရှိ လုပ်ငန်းများထက် တရားမဝင် ငါးဖမ်းလုပ်ငန်းက အဆမတန် များပြားနေကြောင်း ယင်းအဆိုတွင် ပါရှိသည်။

အဆိုပါ တရားမဝင် ငါးဖမ်းလုပ်ငန်း များသည် လူကုန်ကူးခံရမှုများ လူ့အခွင့် အရေးချိုးဖောက် ခံရမှုများ ဒုစရိုက်ဖြစ် စဉ်များ ဖြစ်ပေါ်လာစေသည့် အဓိက အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း အဆိုရှင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“တရားမဝင် ငါးဖမ်းနေတာက သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းနဲ့လည်း မညီဘူး။ ကိုယ့်ရဲ့ရေသယံဇာတလည်း ပျက်စီးဆုံးရှုံးတယ်။ နိုင်ငံတော်အတွက်လည်း ငွေမဝင်ဘူး။ တရားမဝင်စေခိုင်းမှု တွေကလည်း တောက်လျှောက် ရှိနေတယ်”ဟု ၎င်းက ပြောသည်။

အဆိုကို လွှတ်တော်က အတည်ပြု လိုက်သည့်အတွက် မွန်ပြည်နယ် အစိုးရ အနေဖြင့် ယင်းကိစ္စကို အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်သည်။

ကနဦးအနေဖြင့် မွန်ပြည်နယ် ရေပိုင် နက်အတွင်း တရားမဝင် ဝင်ရောက် လုပ်ကိုင်နေသည့် ဧရာ၀တီတိုင်းဒေသကြီးမှ ကျားဖောင်လုပ်ငန်းများကိစ္စကို ကိုင်တွယ်သွားဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

“လက်ရှိမှာ ပင်လယ်ပြင်ကွင်းဆင်း ပြီး အချက်အလက်တွေ ကောက်ယူနေတယ်။ ဒါကို ပြည်နယ်အစိုးရကို တင်ပြ ပြီး ပြည်နယ် အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ မိမိတို့ ရေပိုင်နက်အတွင်း ဝင်ရောက် ကျူးကျော်နေတဲ့ ဧရာ၀တီကျားဖောင် ကိစ္စကို ကိုင်တွယ်ဆောင်ရွက်သွားမယ်”ဟု ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ထိုနောက် မွန်ပြည်နယ်ရေပိုင်နက် အတွင်းက တရားမဝင်ငါးဖမ်းလုပ်ငန်း ကိစ္စ စသဖြင့် အဆင့်ဆင့် ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ နှင့် ၂၃ ရက်က မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန၊ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ ချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့သည် မွန် ပြည်နယ် ငါးဖမ်းကွက်သို့ သွားရောက် စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ငါးဖမ်းကွက် ၃ ကွက်မှာပင် ကျားဖောင် ၁၂၀၀ ကျော် ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

၎င်းပြင် အထောက်အထား တစ်စုံ တစ်ရာမရှိပဲ ဧရာ၀တီတိုင်းဒေသကြီးမှ မွန်ပြည်နယ် ရေပိုင်နက်ထဲ ကျော်လွန် လုပ်ကိုင် နေကြသည့် အင်္ဂလန်ကျားဖောင် ၁၀၀၀ ကျော် လုပ်ကိုင်နေသည်ကိုလည်း စစ်ဆေးတွေ့ရှိထားသည်။

ယဉ်စနိုင်း