မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ကိစ္စ ဘက်လိုက်မှုရှိနေဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဝေဖန်

0
476

မွန်ပြည်နယ်အစိုးရအဖွဲ့၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့် ချထားမှုတွင် မရိုးသားဘဲ ဘက်လိုက်မှုများ ရှိနေသည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌက ပြောသည်။

ပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအနက်မှ ဧက ၂၄၀၀၀ ကျော်ကို ပြည်နယ်အစိုးရအဖွဲ့၏ သဘောထား မှတ်ချက်နှင့် ဗဟိုကော်မတီက လုပ်ကိုင်ခွင့်ချ ပေးထားသည်။

ယင်းအနက် ကျိုက်ထိုမြို့နယ်တွင် ဧက ၉၀၀၀ ကျော်၊ ကျိုက်မရောမြို့နယ်တွင် ဧက ၅၀၀၀ ကျော် အများဆုံးချပေး ထားပြီး လုပ်ကိုင်ခွင့် ရရှိထားသူ အများစု သည်လည်း လုပ်ငန်းရှင်များသာ ဖြစ်နေ သည်ဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

“စာရင်းဇယားတော့ တော်တော် ကွဲလွဲနေတယ်။ ခွင့်ပြုဆောင်ရွက်ခဲ့တဲ့ ပကတိအနေအထား ကလည်း ပြောရရင် တော့ တော်တော်လေးကို မရိုးသားမှုတွေ ရှိနေတယ်။ ဘက်လိုက်မှုတွေ ရှိနေတယ်။ နောက်တစ်ခုက တကယ်ပဲ ခွင့်ပြုတဲ့ အတိုင်းလုပ်လား။ ကျွန်တော်တို့တွေ့ရ သလောက်က ဘာမှမလုပ်ဘဲနဲ့ မြေဦး ထားတာ ရှိတယ်”ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပ ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင်လည်း မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မွန်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို လုပ်ကိုင်ခွင့်ချပေးရာတွင် မည်ကဲ့သို့သော ပုဂ္ဂိုလ် အဖွဲ့အစည်းများကို ဦးစားပေး သဘောထားမှတ်ချက်ပြုသည်ကို ရှင်းလင်း စွာ သိရှိလိုကြောင်း မေးခွန်းမေးမြန်းခဲ့ သည်။

“မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းများကိုမှ ဦးစားပေး သတ်မှတ် ခွင့်ပြုပေးခြင်းမျိုး မဟုတ်ဘဲ၊ နိုင်ငံတော်နဲ့ ဒေသအတွင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသခံ များ မြေယာမဲ့နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖော်ဆောင် နိုင်ရေးအတွက် အများပြည်သူအကျိုးကို ထိခိုက်မှုမရှိစေဘဲ ကျေးရွာအဆင့်၌ ရင်းနှီး မြှုပ်နှံမှု ရေရှည်တည်တံ့စေရန် ရည်ရွယ် ၍ သဘောထားမှတ်ချက်ပြုပါတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူ ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

မွန်ပြည်နယ်အတွင်းက မြေလွတ်၊ မြေလပ်၊ မြေရိုင်း စာရင်းဇယားနှင့် လုပ်ကိုင်ခွင့်ရယူထားပြီး အမှန်တကယ် လုပ်ငန်းအကောင်အထည်ဖော်မှု ရှိမရှိကို မွန်ပြည်နယ်လွှတ်တော် ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီက စိစစ်မှု ပြုလုပ် သွားမည်ဟု လွှတ်တော် ဒုဥက္ကဋ္ဌက ပြော သည်။

ယဉ်စနိုင်း